Border News Agency
ရန်ကုန်၊ မေ ၃။
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ဆိုးဆိုးရွားရွား ကျဆင်းနေပြီး အာဏာသိမ်းစစ်တပ်က မီဒီယာလိုင်စင်တွေကို ပိတ်သိမ်းနေတာကို လုံးဝအသိအမှတ်မပြုဘူးလို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က မေလ ၃ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့် ၁၆၆ မှာ ရှိနေပြီး သတင်းသမားတွေကို ထောင်ဒဏ်ချမှတ်တာနဲ့ မီဒီယာလိုင်စင်တွေကို ရုပ်သိမ်းတာတွေဟာ နှစ်စဉ် ပိုဆိုးလာနေတာပါ။
မကြာသေးခင်ကလည်း Chin World၊ Khonumthung နဲ့ မျက်မှောက်ခေတ် သတင်းဌာနတွေကို လိုင်စင်ပိတ်သိမ်းခဲ့သလို အာဏာ
သိမ်းပြီးချိန်ကစလို့ သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၁၈ ဦးဟာ အခုထိ အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။
အဲဒီ အကျဉ်းကျနေတဲ့ ကိုဝိုင်းတော်သိုက်ရဲ့ ကျန်းမာရေးဟာ အရေးပေါ် ဆေးကုသဖို့ လိုအပ်နေပြီး အာဏာသိမ်းစစ်တပ်က မီဒီယာတွေအပေါ် ဖိနှိပ်မှုတွေကို ပိုပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတယ်လို့ IPCM က ထောက်ပြထားပါတယ်။
ဒါကြောင့် မတရားဖမ်းဆီးထားတဲ့ သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့နဲ့ မီဒီယာတွေအပေါ် ပိတ်ပင်ထားတာတွေကို ရပ်တန့်ဖို့ IPCM က တောင်းဆိုထားပြီး ပြည်သူ့ဘက်ကနေ မှန်ကန်တဲ့သတင်းတွေ ဆက်လက်တင်ဆက်သွားမယ်လို့ ကတိပြုထားပါတယ်။






