Border News Agency
ပဲခူး၊ မေ ၅။
ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်က လက်ယက်စခန်းနဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က လေးကေစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနက မေလ ၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစခန်းတွေကို ပြီးခဲ့တဲ ဧပြီလအတွင်းမှာသိမ်းပိုက်ခဲ့တာဖြစ်ပြီး ခုဆိုရင်နယ်မြေရှင်းလင်းရေးနဲ့ စစ်ဘေးရှောင်ကူညီရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီဘီးလင်း လေးကေစခန်းက ထွက်ပြေးတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာမှာ၇ ဦး သေဆုံးပြီးဒု-တပ်ရင်းမှူး အောင်ဇော်မိုး အပါအဝင် ၁၈ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်လက်နက်မျိုးစုံ ၂၀ လက်နဲ့ ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့လည်းဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ၂၅ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ လက်နက် ၂၂ လက်၊ ဒရုန်းဖြတ်စက်တစ်လက်နဲ့အတူ စစ်သုံ့ပန်း ၆ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့လည်းဆိုပါတယ်။
အဲဒီ အာဏာသိမ်းစစ်တပ်က ဝင်းတာပန်နဲ့ ကျောက်ဖျာရွာတွေကို လေကြောင်းနဲ့ စက်တပ်လေထီးတွေသုံးပြီး ဗုံးကြဲနေတာကြောင့် နေအိမ်တချို့ မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမယ့် ဧပြီလ ၂၆ ရက်နေ့က ဗုံးကြဲနေတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီးကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ လည်းဆိုပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းကနေ မှားချပေးတဲ့ လက်နက်ကြီးကျည်နဲ့ ကျည်အတောင့်ပေါင်း ၁၈,၀၀၀ ကျော်ကို မေလ ၄ ရက်နေ့မှာလည်း တော်လှန်ရေးတပ်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစခန်းတွေကို PDF၊ KNLA၊ KNDO နဲ့ ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်းဆိုပါတယ်။













