Border News Agency
စစ်ကိုင်း၊ မေ ၁၀။
အာဏာသိမ်းစစ်တပ်ဘက်ကနေ ပြီးခဲ့တဲ့ ဧပြီလတလအတွင်းမှာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ တပ်သား ၄၄ ဦးအထိ ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က မေလ ၉ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအပြင် တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်သားနဲ့ ရဲ ၃၂ ဦးကိုလည်း စစ်သုံ့ပန်းတွေအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ အလင်းဝင်လာတဲ့ စစ်သား ၄၄ ဦးထဲမှာ ၄၁ ဦးဟာ အဓမ္မစစ်မှုထမ်းစနစ်နဲ့ စုဆောင်းခံထားရတဲ့ တပ်သားသစ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။
သူတို့ဟာ မကွေး၊ တနင်္သာရီ၊ ကရင်နီ၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်စတဲ့ ဒေသအသီးသီးကနေ ဘက်ပြောင်းခိုလှုံလာကြတာ ဖြစ်ပါတယ်။
အဲဒီ ဒေသအလိုက် အလင်းဝင်မှုအနေနဲ့ မကွေးမှာ ၁၃ ဦး၊ ပဲခူးမှာ ၁၂ ဦး၊ ကရင်မှာ ၇ ဦး၊ စစ်ကိုင်းမှာ ၅ ဦး၊ မန္တလေးမှာ ၃ ဦး၊ မွန်မှာ ၂ ဦးနဲ့ တနင်္သာရီ၊ ကရင်နီတို့မှာ တစ်ဦးစီ ရှိခဲ့ပါတယ်။
ဒီအရေအတွက်ဟာ အာဏာသိမ်းစစ်တပ်အတွင်း စိတ်ဓာတ်ပျက်ပြားနေမှုနဲ့ အဓမ္မစုဆောင်းခံရသူတွေရဲ့ ခုခံမှုကို ပြသနေတာလည်း ဖြစ်ပါတယ်။
တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၃၂ ဦးထဲမှာတော့ စစ်သား ၂၉ ဦးနဲ့ ရဲ ၃ ဦး ပါဝင်ပါတယ်။
အဲ့ဒီစစ်သား ၂၉ ဦးထဲက ၁၁ ဦးဟာလည်း စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်ကြပြီး ပဲခူး၊ မွန်၊ ကရင်၊ မကွေးနဲ့ စစ်ကိုင်းဒေသတွေက တိုက်ပွဲတွေမှာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု ၂၀၂၆ ခုနှစ် ဧပြီလအထိဆိုရင် အာဏာသိမ်းစစ်တပ်ဘက်ကနေ အလင်းဝင်လာသူ၊ လက်နက်ချသူနဲ့ စစ်သုံ့ပန်း စုစုပေါင်း ၃,၀၆၈ ဦးအထိ ရှိလာပြီလို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုတွေကြောင့် ပြည်သူတွေဟာ နည်းလမ်းမျိုးစုံနဲ့ တော်လှန်ရေးအဖွဲ့တွေဆီကို ဆက်သွယ်ပူးပေါင်းနေကြပါတယ်။
ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။






