Border News Agency
အီရန်၊မေ ၁၀။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်အနေနဲ့ အီရန်ရေနံတင်သင်္ဘောတွေနဲ့ ကုန်သည်သင်္ဘောတွေကို တိုက်ခိုက်လာရင် ဒေသတွင်းက အမေရိကန်စစ်စခန်းတွေကို ပြန်လည်တိုက်ခိုက်မယ်လို့ သတိပေးလိုက်ပါတယ်။
အဲဒီ ဟော်မုဇ်ရေလက်ကြားမှာ ရက်အတော်ကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် အခြေအနေက ပြန်ငြိမ်နေပေမယ့် စစ်ရေးတင်းမာမှုကတော့ မြင့်တက်နေဆဲပါ။
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ဝင်ဖို့ကြိုးစားတဲ့ သင်္ဘောတွေကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့သလို အီရန်ဘက်ကလည်း အမေရိကန်စစ်သင်္ဘောတွေကို ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုတွေအတွင်း အီရန်သင်္ဘောသားတဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲဒီအပြင် တဖက်မှာလည်းအစ္စရေးဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းကို အပြင်းအထန် ဆက်လက်ဗုံးကြဲနေပြီး စနေနေ့က တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ ဘေးလွတ်ရာကို တိမ်းရှောင်လာကြတဲ့ ကလေးသူငယ်တွေနဲ့ အရပ်သားတွေ အများအပြား ပါဝင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့မယ့် သင်္ဘောအုပ်စုကြီးဟာ တူရကီနိုင်ငံ ကမ်းခြေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ဒီသင်္ဘောတွေကို အစ္စရေးစစ်တပ်က ကြားဖြတ်ဟန့်တားတာတွေ လုပ်ခဲ့သလို ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတွေကိုလည်း ဖမ်းဆီးပြီး နိုင်ငံပြင်ပကို နှင်ထုတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံတွင်းမှာတော့ နေတန်ယာဟု အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တဲလ်အဗီးမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။
ဆန္ဒပြသူတွေက လက်ဘနွန်ကို တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့နဲ့ စစ်ပွဲတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်ကြား အပစ်အခတ်ရပ်စဲရေးက အစွန်းထွက် ပစ်ခတ်မှုတွေ ရှိနေပေမယ့် တည်မြဲနေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်နဲ့ အစ္စရေးရဲ့ ပူးတွဲစစ်ဆင်ရေးတွေကြောင့် ဒေသတွင်း ရေနံနဲ့ စွမ်းအင်ကဏ္ဍတွေ ပျက်စီးပြီး ကမ္ဘာ့စီးပွားရေးအပေါ် ဆိုးကျိုးတွေ သက်ရောက်လာမှာကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။






