Border News Agency
ရုရှား၊ မေ ၁၀။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အဆုံးသတ်ဖို့ နီးစပ်နေပြီလို့ မေလ ၉ ရက်၊မနေ့က အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိမယ်ဆိုရင် ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တတိယနိုင်ငံတခုမှာ တွေ့ဆုံဖို့ အသင့်ရှိတယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှားရဲ့ နှစ်ပတ်လည် စစ်အောင်ပွဲနေ့ (Victory Day)အခမ်းအနားအပြီးမှာ ပူတင်က အခုလို ပြောကြားခဲ့တာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်အရ ရုရှားနဲ့ ယူကရိန်းအကြား သုံးရက်ကြာအပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသလို အကျဉ်းသား ၁,၀၀၀ စီ အလဲအလှယ်လုပ်ဖို့လည်း သဘောတူထားကြပါတယ်။
ပူတင်က စစ်ပွဲဖြစ်ပွားရတာဟာ နေတိုးအဖွဲ့ရဲ့ အရှေ့ဘက် နယ်မြေချဲ့ထွင်မှုကြောင့်လို့ အနောက်အုပ်စုကို ထပ်မံစွပ်စွဲခဲ့ပြီး အခုအခါမှာတော့ ဒီကိစ္စတွေက အဆုံးသတ်ဖို့ အခြေအနေ ရောက်လာပြီလို့ ယူဆတားတယ်လို့ပြောပါတယ်။
ဒါဟာ ၄ နှစ်ကျော်ကြာလာတဲ့ စစ်ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးဖို့ လမ်းစဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ဒီနှစ် မော်စကို ရင်ပြင်မှာကျင်းပတဲ့ စစ်ရေးပြပွဲဟာ အရင်နှစ်တွေထက် ပိုမိုကျိုးနွံပြီး အစစ်အမှန် စစ်လက်နက်တွေထက် ဖန်သားပြင်တွေပေါ်က ဗီဒီယိုတွေကိုပဲ အဓိကပြသခဲ့ပါတယ်။
အဲဒီထဲ ထူးခြားချက်အနေနဲ့ ရုရှားဘက်ကနေ ကူညီတိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယား စစ်သားတွေလည်း ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
သမ္မတဇလန်းစကီးဘက်ကလည်း ပူတင်နဲ့ တွေ့ဆုံဖို့ အရင်ကတည်းက အဆိုပြုခဲ့ဖူးပေမဲ့ မော်စကိုကိုသွားဖို့ ငြင်းဆန်ခဲ့တာပါ။
အခုအခါမှာတော့ ပူတင်က တတိယနိုင်ငံမှာ တွေ့ဆုံနိုင်တယ်လို့ ဆိုလာပေမယ့် ဒါဟာ ဆွေးနွေးပွဲအဆင့်မဟုတ်ဘဲ နောက်ဆုံးသဘောတူစာချုပ်ကို လက်မှတ်ထိုးမယ့် အခြေအနေမျိုးမှသာ ဖြစ်မယ်လို့ ကန့်သတ်ချက် ထားထားပါတယ်။
၄ နှစ်ကျော်ကြာလာတဲ့ ဒီစစ်ပွဲကြောင့် နှစ်ဖက်စလုံးမှာ လူပေါင်းသိန်းချီ သေဆုံးခဲ့ရသလို ရုရှားရဲ့ စီးပွားရေးဟာလည်း အထိနာနေပါတယ်။
အဲဒီ အပစ်အခတ်ရပ်စဲရေးနဲ့ ပူတင်ရဲ့ ပြောကြားချက်တွေဟာ သေကြေပျက်စီးမှုများပြားလှတဲ့ ဒီစစ်ပွဲကြီး အမှန်တကယ် အဆုံးသတ်နိုင်မယ့် အစပျိုးမှုတခု ဖြစ်လာမလားဆိုတာကို ကမ္ဘာက စောင့်ကြည့်နေကြပါတယ်။






