Border News Agency
ရန်ကုန်၊မေ ၁၂။
စစ်အာဏာရှင်တော်လှန်ရေးအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲဘော် ၂၆ ဦးကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ မေလ ၁၁ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီစာရင်းထဲမှာ တာဝန်ထမ်းဆောင်ဆဲ ရဲဘော် ၁၁ ဦးနဲ့ ရဲဘော်ဟောင်း ၁၅ ဦး ပါဝင်ပြီး သူတို့ဟာ နွေဦးတော်လှန်ရေးရဲ့ကဏ္ဍစုံမှာ အသက်ပေးလှူခဲ့ကြတာလို့ဆိုပါတယ်။
အဲဒီ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေဟာ စစ်ကိုင်းနဲ့ ပဲခူးနယ်မြေတွေမှာ အများဆုံးဖြစ်ပြီး ကချင်၊ မန္တလေးနဲ့ ရန်ကုန်တို့မှာလည်း ရှိနေပါတယ်။
တချို့က တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တာဖြစ်သလို တချို့ကတော့ ရုံးခန်းတွေ စီးနင်းခံရချိန်နဲ့ ဆန္ဒပြပွဲတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတာပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး မြင်းခြံ၊ မုံရွာနဲ့ ပဲခူးမြို့တွေက ဆန္ဒပြပွဲနဲ့ တိုက်ပွဲတွေမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ရဲဘော်တွေ စတင်ကျဆုံးခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာလည်း Safe House စီးနင်းခံရတာနဲ့ ဒိုက်ဦးထောင်ကနေ အပြင်ထုတ်ပြီး ပစ်သတ်ခံရတာမျိုးတွေကြောင့် အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ပိုင်း ရဲဘော်တချို့ပါ ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီအပြင် ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက စစ်ကိုင်းတိုင်း၊ ဘုတလင်က ဗကသရုံးခန်းကို အာဏာသိမ်းစစ်တပ်က ဝင်စီးချိန်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ မြို့နယ်အဆင့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ ပြန်ကြားရေးတာဝန်ခံတို့ ၃ ဦးစလုံး တပြိုင်နက်တည်း ကျဆုံးခဲ့ရတယ်လို့ဆိုပါတယ်။
အခုထုတ်ပြန်တဲ့စာရင်းဟာ အတည်ပြုနိုင်သလောက်ပဲ ရှိသေးတာကြောင့် လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကတော့ အမိမြေလွတ်မြောက်ဖို့ အရိုးတွေ တောင်လိုပုံရမယ်ဆိုရင် ကျောင်းသားတွေရဲ့ အရိုးဟာ အောက်ဆုံးအလွှာမှာ ရှိလိမ့်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ တော်လှန်ရေးကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်လည်း နီးစပ်သူတွေအနေနဲ့ အချက်အလက်တွေ ထပ်ဖြည့်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။






