Border News Agency
အမေရိကန်၊မေ ၁၂။
အမေရိကန်နဲ့အီရန်ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ တဖက်နဲ့တဖက် အလျှော့မပေးကြတာကြောင့် အကျပ်အတည်းဆိုက်နေပါတယ်။
အီရန်ဘက်ကတင်ပြတဲ့ စစ်ပွဲရပ်စဲရေးအဆိုပြုချက်ကို သမ္မတ ထရမ့်က လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ပယ်ချလိုက်သလို အီရန်ဘက်ကလည်း အမေရိကန်ရဲ့ အစီအစဉ်ဟာအရှုံးပေးဖို့ အတင်းအကျပ်လုပ်တာလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။
ဒီလို ညှိနှိုင်းမှုတွေ မပြေလည်တာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ ထပ်ပြီးတက်လာပါတယ်။
အပြည်ပြည်ဆိုင်ရာ ရေနံစိမ်းဈေးဟာ တစည်ကို ၁၀၄ ဒေါ်လာအထိ ရောက်ရှိသွားပြီး ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကမ္ဘာ့စွမ်းအင်စီးဆင်းမှုမှာလည်း အခက်အခဲတွေ ဆက်ဖြစ်နေပါတယ်။
စစ်ပွဲမတိုင်ခင်က ဒီရေလမ်းကြောင်းဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတပုံလောက် စီးဆင်းရာနေရာ ဖြစ်ပါတယ်။
စစ်ရေးအခြေအနေအရ အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းက မြို့တွေကို လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေတာကြောင့် ဆေးဝန်ထမ်းတွေအပါအဝင် လူသေဆုံးမှုတွေ ရှိနေပါတယ်။
တဖက်မှာလည်း အီရန်ဘက်ကလာတဲ့ ဒရုန်းတွေကို ယူအေအီး (UAE) က ကြားဖြတ်ပစ်ချခဲ့သလို၊ကာတာနဲ့ ကူဝိတ်ရေပြင်ထဲမှာလည်း ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အီရန်နိုင်ငံထဲမှာတော့ အမေရိကန်နဲ့ အစ္စရေးအတွက် သူလျှိုလုပ်ပေးတယ်လို့ စွပ်စွဲခံရတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးကို မနေ့ကကွပ်မျက်လိုက်ပါတယ်။
သူဟာ ဂြိုဟ်တုဆိုင်ရာ သိပ္ပံအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ရင်း လျှို့ဝှက်ချက်တွေကို ပြင်ပကို ပေါက်ကြားအောင်လုပ်ခဲ့တယ်လို့ အီရန်တရားစီရင်ရေးဘက်က ထုတ်ပြန်ထားပါတယ်။
သမ္မတ ထရမ့်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ဘေဂျင်းကို သွားရောက်မှာဖြစ်ပြီး အဲဒီမှာ အီရန်စစ်ပွဲကိစ္စကို အဓိကထား ဆွေးနွေးမှာပါ။
အမေရိကန်ပြည်တွင်းမှာတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကြောင့် ဆီဈေးတက်နေတဲ့အပေါ် မဲဆန္ဒရှင်တွေက မကျေမနပ် ဖြစ်နေကြပါတယ်။






