Border News Agency
နမ္မတူ၊ မေ ၂၁။
ရှမ်းပြည်၊ နမ္မတူမြို့နယ်မှာ ၅ နှစ်အောက်ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးသွားမယ်လို့ တအာင်းကျန်းမာရေးအဖွဲ့အစည်း (Ta’ang Health Organization – THO) က မေလ ၂၁ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီကာကွယ်ဆေးကို တအာင်းပြည်၊ နမ္မတူဆေးရုံကြီးမှာ မေလ ၂၂ ရက်မှ မေလ ၂၆ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကာကွယ်ဆေးကို တအာင်းကျန်းမာရေးအဖွဲ့အစည်းနဲ့ တအာင်းပြည်ကျန်းမာရေးကောင်စီတို့က ပူးပေါင်းပြီး အသက် ၅ နှစ်အောက်ကလေးတွေကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံတာကို အုပ်စုနဲ့ရပ်ကွက်အလိုက် သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံမယ့် ပြည်သူတွေအနေနဲ့ ကလေးရဲ့မွေးစာရင်း သို့မဟုတ် မွေးလက်မှတ်နဲ့ ကာကွယ်ဆေးထိုးကတ်ပြားကို တပါတည်းယူဆောင်လာရမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်း တအာင်းပြည်ကျန်းမာရေးကောင်စီက မိုင်းငေါ့မြို့မှာ အသက် ၅ နှစ်အောက် ကလေးငယ် ၁၉၉ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၆ ဦးကို BCG Vaccine၊ IPV Vaccine၊Pentavalent Vaccine၊ MMR Vaccine နဲ့ Td Vaccine အပါအဝင် ကာကွယ်ဆေးတွေ ထိုးနှံပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ကလေးသူငယ်တွေကို အချိန်မီကာကွယ်ဆေးထိုးနှံပေးတာဟာ ကူးစက်ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ပြီး ကလေးသူငယ်တွေရဲ့ ကျန်းမာရေးနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှပါဝင်နေတယ်လို့ တအာင်းကျန်းမာရေးဌာမှ အသိပေးထားပါတယ်။










