Border News Agency
နေပြည်တော်၊မေ ၂၂။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက စိုးရိမ်ပူပန်ကြောင်းထုတ်ပြန်ရုံနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မဟန့်တားနိုင်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
မေလ ၂၁ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရေး တံခါးဖွင့်ဆွေးနွေးပွဲမှာ သူက အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဦးကျော်မိုးထွန်းက စိုးရိမ်ကြောင်း ပြောနေရုံနဲ့ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ခွဲခြားမှုမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာတွေကို မတားဆီးနိုင်သလို၊ အကျိုးအကြောင်း မခိုင်လုံဘဲ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းတာတွေကလည်း စစ်ရာဇဝတ်မှုတွေကို ရပ်တန့်စေမှာ မဟုတ်ဘူးလို့ ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်က အမည်နဲ့ ရာထူးတွေကိုအမည်ခံပြောင်းလဲနေတာဟာ စနစ်တကျ နိုင်ငံရေးပြောင်းလဲတာ မဟုတ်တဲ့အတွက် နိုင်ငံတကာအနေနဲ့ ဒါကို အာရုံစိုက်မနေဘဲ မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကိုပဲ ပိုပြီး အလေးထားသင့်တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားဒီမိုကရေစီအင်အားစုတွေဟာ စစ်တပ်ကိုအရပ်သားအုပ်ချုပ်မှုအောက် ထားရှိရေး၊နစ်နာသူတွေအတွက် တရားမျှတမှု ဖော်ဆောင်ရေးတို့အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ဦးဆောင်ကောင်စီကနေတဆင့် ပူးပေါင်းဆောင်ရွက်နေတာကြောင့် နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေပေးဖို့တိုက်တွန်းခဲ့ပါတယ်။






