Border News Agency
ထိုင်း၊ မေ ၂၄။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့လယ်က အသံဆူညံလို့ ဒေသခံတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ လျှို့ဝှက်ကာရာအိုကေဘားတခုကို ထိုင်းရဲတပ်ဖွဲ့က မေလ ၂၃ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီဘားမှာ တရားမဝင်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၂ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီဆိုင်ဟာ ပြီးခဲ့တဲ့ဆုန်ခရန်ကာလကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လာရောက်အားပေးသူအများစုဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေမှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ရှိကြပေမယ့် လက်မှတ်ထဲကအလုပ်ရှင်အမည်နဲ့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းခွင်ဟာ ကိုက်ညီမှုမရှိတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့် သူတို့ကိုနိုင်ငံခြားသာလုပ်သားများ စီမံခန့်ခွဲရေးအက်ဥပဒေအရ အလုပ်ရှင်နဲ့ လုပ်ငန်းခွင်ပြောင်းလဲမှုကို မှတ်ပုံတင်အရာရှိထံ အကြောင်းကြားဖို့ပျက်ကွက်မှုနဲ့ အရေးယူဖို့ဆောင်ရွက်ထားပါတယ်။
လတ်တလောမှာတော့ ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ဖို့ ချန်ဖုအတ်ရဲစခန်းကို ပို့ဆောင်ထားပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ အဲဒီလုပ်ငန်းကိုပိုင်ဆိုင်တဲ့ ထိုင်းမန်နေဂျာအပြင် နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့ပေးနေတဲ့ အလုပ်ရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူအုပ်စုတွေကိုပါ ဆက်လက်ဖော်ထုတ်နိုင်ဖို့ ငွေကြေးစီးဆင်းမှုတွေကို ထပ်မံစစ်ဆေးပြီး အမှုဖွင့်ဖို့ကြိုးပမ်းနေတယ်လို့ သိရပါတယ်။




