Border News Agency
စနဲ့၊ မေ ၂၇။
ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို မေလ ၂၆ ရက်နေ့က အာဏာသိမ်းစစ်တပ်ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီစနဲ့မြို့မှ အသက် ၇၈ နှစ်အရွယ်ဦးမောင်ရွှေစိန်ဟာ အာဏာသိမ်းစစ်တပ်ပစ်ခတ်လို့ ဒဏ်ရာရသွားခဲ့တာကြောင့် ဆေးကုဖို့သွားရာလမ်းမှာ သေဆုံးခဲ့တာပါ။
အဲဒီစနဲမြို့ပေါ်သို့ အာဏာသိမ်းစစ်တပ်က ရွယ်ရည်ချက်ရှိရှိဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့သလို ကုလားမကျွန်းနဲ့ဖရုံကျွန်းအနီးရှိ ရေတပ်သင်္ဘောတွေကလည်း လက်နက်ကြီးအများအပြားပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေယာဥ်အုပ်စုလိုက်လာရောက်လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုလုပ်နေတာမို့ အရပ်သားပြည်သူတွေလည်း သေဆုံးဒဏ်ရာရနေကြပါတယ်။
အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့လည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။






