Border News Agency
မကွေး၊မေ ၂၉။
မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရရဲ့ ကွပ်ကဲမှုအောက်မှာမကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း ၃အဖြစ်စတင်ဖွဲ့စည်းပြီး တာဝန်ထမ်းဆောင်သွားမယ်လို့ ရေစကြိုတောင်ပိုင်းတပ်ပေါင်းစုက မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဲဒီတပ်ပေါင်းစုမှာ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Southern YSO PDF၊ ဒေါင်းညီနောင်၊Yesagyo Revolution Group (YRG)၊ ပြည်သူ့အားမာန် PDF၊ King Cobra၊ ဒေါင်းစစ်သည်၊ Golden Eagle နဲ့ Ayeyarwaddy Revolution Force တို့ ပါဝင်ကြတာပါ။
သူတို့အနေနဲ့ ကိုယ်ကျိုးစီးပွားနဲ့အဖွဲ့အစည်းအာဏာချဲ့ထွင်ဖို့မဟုတ်ဘဲ ပြည်သူ့အာဏာပြန်ရဖို့၊ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ဖို့နဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့အတွက်ပဲ ရပ်တည်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ စစ်ရေး၊ နိုင်ငံရေး လမ်းညွှန်ချက်တွေအတိုင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမှာဖြစ်ပြီး အဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်မှုနဲ့ ကွပ်ကဲမှုအပိုင်းကို အလေးထားသွားမယ်လို့ ဆိုပါတယ်။
တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကို အခြေခံပြီး ပြည်သူကို အကာအကွယ်ပေးမယ့်တပ်ဖွဲ့၊ စည်းကမ်းနဲ့ နိုင်ငံရေးခံယူချက်ရှိပြီး ပြည်သူကိုလေးစားတဲ့ တပ်ဖွဲ့တရပ်ဖြစ်လာအောင် ကြိုးပမ်းသွားမယ်လို့လည်း တပ်ပေါင်းစုက အသိပေးထားပါတယ်။






