Border News Agency
အမေရိကန်၊ဇွန် ၁။
အမေရိကန်-အစ္စရေးမဟာမိတ်အဖွဲ့နဲ့ အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ကနဦးအဆိုပြုထားတဲ့ သဘောတူညီချက်မူကြမ်းပါအချက်အချို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိုမိုတင်းကျပ်တဲ့ အသုံးအနှုန်းတွေနဲ့ ပြင်ဆင်လိုက်တယ်လို့ အမေရိကန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အမေရိကန်ဘက်က ဒီပြင်ဆင်ချက်အသစ်ကို အီရန်ထံ ပြန်လည်ပေးပို့ထားပြီး အီရန်ရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေတာကြောင့် အပြီးသတ်သဘောတူညီချက်ရဖို့ ရက်ပိုင်းမျှ ထပ်မံကြန့်ကြာနိုင်တယ်လို့ ဆိုပါတယ်။
ဒေါ်နယ်ထရမ့် ပြင်ဆင်လိုက်တဲ့အချက်တွေမှာ အီရန်ရဲ့ နျူကလီးယားပစ္စည်းတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့အချက် ပါဝင်ပြီး အီရန်အနေနဲ့ နျူကလီးယားလက်နက် ဘယ်တော့မှမထုတ်လုပ်ဖို့နဲ့ ပိတ်ဆို့ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးဖို့တွေကို ထရမ့်က အဓိကတောင်းဆိုထားတာ ဖြစ်ပါတယ်။
အခြားတဖက်မှာတော့ အီရန်ရဲ့ ထိပ်တန်းညှိနှိုင်းရေးမှူးက အီရန်ရဲ့ အခွင့်အရေးတွေကို အပြည့်အဝအာမခံချက်မပေးတဲ့ ဘယ်သဘောတူညီချက်ကိုမှ လက်ခံမှာမဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။






