Border News Agency
နေပြည်တော်၊ ဇွန် ၆။
ဗီတိုအာဏာ (Veto) သုံးမယ့် ခြိမ်းခြောက်မှုတွေကြောင့် မြန်မာ့အရေးနဲ့ပတ်သက်ရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ထိရောက်မှုကင်းမဲ့တဲ့ အဖွဲ့အစည်းတခုဖြစ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
ဇွန်လ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ လုံခြုံရေးကောင်စီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးစဉ် သံအမတ်ကြီးက အခုလိုထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဗီတိုခြိမ်းခြောက်မှုတွေက လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းတွေကို ပိတ်ဆို့နေသလို အမြဲတမ်းအဖွဲ့ဝင်နှစ်နိုင်ငံရဲ့ ကန့်ကွက်မှုကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သဘာပတိကြေညာချက်အပါအဝင် အရေးကြီးထုတ်ပြန်ချက်တွေ ဆိုင်းငံ့ခံထားရတယ်လို့ဆိုပါတယ်။
ဒါ့အပြင်လုံခြုံရေးကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး တံခါးပိတ်အစည်းအဝေးတွေကိုသာ အများဆုံးပြုလုပ်ခဲ့တာကြောင့် အများပြည်သူနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကောင်စီရဲ့ဆွေးနွေးချက်တွေ၊ သဘောထားကွဲလွဲမှုတွေကို အလွယ်တကူမသိရှိနိုင်ဘဲ ကန့်သတ်ခံထားရတယ်လို့ ထောက်ပြခဲ့ပါတယ်။
အဲဒါကြောင့်လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းဆောင်တာတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်ပြီး ဒါဟာစိတ်ကြိုက်ရွေးချယ်ကျင့်သုံးရမယ့်အရာ မဟုတ်ဘဲ နိုင်ငံအားလုံးအတွက် တစ်ပြေးညီကျင့်သုံးရမယ့် မူဝါဒသာ ဖြစ်သင့်တယ်လို့တိုက်တွန်းပြောကြားခဲ့ပါတယ်။






