Border News Agency
ထိုင်း၊ဇွန် ၁၀။
ထိုင်းဝန်ကြီးချုပ်နဲ့ပြည်ထဲရေးဝန်ကြီး အနူတင် ချန်းဗီရာကူ ဦးဆောင်တဲ့အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ဘန်ကောက်၊ နွန်ထဘူရီ၊ ဆမွတ်ပရာကန်နဲ့ ရယောင်းပြည်နယ်တွေရှိ ၁၀ နေရာခွဲပြီး ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးရဲ့ ရလဒ်တွေကို သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးဟာ ထိုင်း-တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့တွေ ပူးပေါင်းပြီး နူးချန်ဆိုသူနဲ့ တရုတ်ရာဇဝတ်ဂိုဏ်းကွန်ရက်ကို ဖြိုခွင်းဖို့ ရည်ရွယ်တာပါ။
နူးချန်ကို ပြီးခဲ့တဲ့ဧပြီလတုန်းက တောင်ကိုရီးယားအစိုးရက ထိုင်းဘက်ကို လွှဲပြောင်းပေးခဲ့ပြီးနောက် စစ်ဆေးမှုတွေကနေတဆင့် ရွှေတြိဂံဒေသက မူးယစ်ဆေးဝါးစက်ရုံတွေဆီကို ဓာတုပစ္စည်းတွေ တရားမဝင် ပို့ဆောင်နေတာကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုစစ်ဆင်ရေးမှာ စုစုပေါင်း ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း ၅ မျိုး၊ အလေးချိန် တန် ၅၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။
အဲဒီသိမ်းဆည်းရမိတဲ့ ဓာတုပစ္စည်းတွေထဲမှာ Acetone၊ Hydrochloric Acid၊ Acetic Acid၊ Sulfuric Acid နဲ့ Dioctyl Phthalate တို့ ပါဝင်ပြီး ဒီပစ္စည်းတွေကို အသုံးပြုပြီးတော့ ဓာတုဗေဒနည်းအရ ပေါင်းစပ်ထုတ်လုပ်တာတွေ လုပ်ဆောင်နေတာကို တွေ့ရှိခဲ့ရပါတယ်။
ဒီပစ္စည်းတွေသာ စက်ရုံတွေဆီ ရောက်သွားမယ်ဆိုရင် စိတ်ကြွဆေးပြား သန်းပေါင်း ၁,၁၀၀ လောက် ဒါမှမဟုတ် ရေခဲ (Ice) ၂၁ တန်လောက်အထိ ထုတ်လုပ်နိုင်မှာဖြစ်သလို ထိုင်းမှာ တနှစ်ပတ်လုံး ဖမ်းမိတဲ့ ပမာဏနဲ့ ညီမျှနေလို့ အတော်လေး အန္တရာယ်ကြီးတယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် ကုမ္ပဏီ ၃ခုမှာ ဓာတုပစ္စည်း ကိုင်တွယ်ခွင့် လိုင်စင်လည်း မရှိကြသလို တရားမဝင် Vape အရည်တွေမှာ ရောစပ်တဲ့ Etomidate ပစ္စည်းတွေကိုပါ မှောင်ခိုကူးနေတာကို တွေ့ရလို့ အမှုတွေ ထပ်တိုးတရားစွဲသွားမယ်လို့လည်းဆိုပါတယ်။
ထိုင်းအစိုးရကတော့ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ဒီလိုစစ်ဆင်ရေးတွေကို ဆက်လုပ်သွားမှာ ဖြစ်သလို တခြား ကျန်ရှိနေတဲ့ ဂိုဏ်းတွေကိုလည်း ဆက်ဖော်ထုတ်သွားမယ်လို့ ပြောထားပါတယ်။





















