Border News Agency
နေပြည်တော်၊ ဇွန် ၁၀။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက် အရင်ကသဘောတူထားတဲ့ ၄၃ ချက်ကို လွှတ်တော်မှာတင်ပြနိုင်အောင် လုပ်ဆောင်နေတယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆိုပါတယ်။
အဲဒီအကြောင်းအရာကို ဇွန်လ ၉ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလ က်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံပွဲမှာ ပြောတာပါ။
အဲဒီအချက် ၄၃ ချက်ကတော့ အရင်တုန်းက သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေမှာသဘောတူထားတဲ့အချက်တွေ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဘယ်လိုဆက်သွားမလဲဆိုတာကို အပြန်အလှန် ဆွေးနွေးခဲ့ကြသလို လိုအပ်တဲ့ မူဝါဒတွေနဲ့ ယန္တရားတွေကို ဘယ်လိုချမှတ်မလဲဆိုတာတွေကိုလည်း တိုင်ပင်ခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကြိုတင်ကန့်သတ်ချက်မရှိတဲ့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဆွေးနွေးအဖြေရှာဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်လာဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့လည်းဆိုပါတယ်။
အဲဒီတွေ့ဆုံပွဲကို ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီဘက်က တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။












