Border News Agency
ကျောက်တော်၊ဇွန် ၁၀။
မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် အာရက္ခပြည်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇွန်လ ၁၀ ရက်၊ဒီနေ့မှာအသိပေးထုတ်ပြန်လိုက်ပါတယ်။
အာရက္ခကျန်းမာရေးဌာနအနေနဲ့ ရောဂါမဖြစ်ပွားခင်ကတည်းက ခြင်လောက်လန်းသတ်ဆေးတွေ၊ကုသရေးပစ္စည်းတွေနဲ့ ဆေးဝါးတွေကို ကြိုတင်စုဆောင်းထားခဲ့သလို ဧပြီလကတည်းကစပြီး မြို့နယ်အဆင့်ဆင့်မှာ အသိပညာပေးလုပ်ငန်းတွေ၊ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ဧပြီလ ၂၈ ရက်နေ့ကစပြီး ရမ်းဗြဲ၊မြောက်ဦး၊ရသေ့တောင်၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ သွေးလွန်တုပ်ကွေး လူနာ ၃၃ ဦးအထိ ဆေးရုံတက်ရောက် ကုသခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာလည်း အာရက္ခပြည်တဝှမ်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂,၄၅၂ ဦးရှိခဲ့ပြီး အဲဒီအထဲ ၈ ဦး သေဆုံးခဲ့တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထားဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
သွေးလွန်တုပ်ကွေး ကာကွယ်ရေးမှာ ကျန်းမာရေးဝန်ထမ်းတွေအပြင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးတဲ့အတွက် မိမိတို့အိမ်နဲ့ ပတ်ဝန်းကျင်မှာ ခြင်မပေါက်ပွားအောင် စနစ်တကျ နေထိုင်ကြဖို့ ဌာနက တိုက်တွန်းထားပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ နှာခေါင်းသွေးယိုတာ၊ အဆက်မပြတ်အန်တာ၊ ဝမ်းမည်းမည်းသွားတာနဲ့ ဖျားကျသွားပေမယ့် ခြေလက်တွေ အေးစက်နေတာမျိုးတွေ တွေ့ရှိရရင် အချိန်မီ ဆေးရုံ၊ ဆေးခန်းတွေမှာ တက်ရောက်ကုသဖို့ အထူးသတိပေးထားပါတယ်။















