Border News Agency
အမေရိကန် ဇွန် ၁၂။
အိုမန်နိုင်ငံ၊ ရှီနက်စ်ဆိပ်ကမ်းအနီးမှာ အမေရိကန်စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် အိန္ဒိယသင်္ဘောသား ၃ ဦး သေဆုံးခဲ့ရပြီး နောက်ထပ်သင်္ဘောတစင်းလည်း ထပ်မံတိုက်ခိုက်ခံလိုက်ရပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် MT Settebello သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ အိန္ဒိယသင်္ဘောသား ၃ ဦး သေဆုံးခဲ့ရတာကို အိန္ဒိယရေကြောင်းပို့ဆောင်ရေးဝန်ကြီးက အတည်ပြုပြောကြားခဲ့ပါတယ်။
အဲဒီသင်္ဘောသားတွေဟာ သင်္ဘောပေါ်မှာပျောက်ဆုံးနေခဲ့ရာကနေ နောက်ပိုင်းမှာအလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့တာပါ။
ဒီဖြစ်စဉ်အပြင် အမေရိကန်ရေတပ်က Guinea-Bissau အလံတင်ထားတဲ့ MT Jalveer သင်္ဘောကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။
အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ ထုတ်ပြန်ချက်အရ အဲဒီသင်္ဘောဟာ အီရန်နိုင်ငံကနေ ရေနံသယ်ဆောင်လာတာကြောင့်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်မှာသင်္ဘောပေါ်ပါတဲ့ အိန္ဒိယသင်္ဘောသား ၂၀ ဦးလုံးအန္တရာယ်ကင်းရှင်းပြီး ဘေးလွတ်ရာကိုရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုသီတင်းပတ်အတွင်းမှာပဲ အိန္ဒိယသင်္ဘောသားတွေပါတဲ့ သင်္ဘော ၃ စင်း တိုက်ခိုက်ခံခဲ့ရတဲ့အတွက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက နယူးဒေလီမြို့ရှိ အမေရိကန်သံတမန်ကိုခေါ်ယူပြီး ပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်။
လက်ရှိမှာ အမေရိကန်နဲ့အီရန်တို့ဟာ အပြန်အလှန်ဖိအားပေးပြီး ညှိနှိုင်းနေကြတာဖြစ်လို့ ဒီလိုမျိုးပင်လယ်ပြင်ပဋိပက္ခတွေက ကမ္ဘာ့ရေနံနဲ့ ကုန်သွယ်ရေးကို ပိုမိုသက်ရောက်မှုရှိလာနိုင်ပါတယ်။
အခုလိုအပြစ်မဲ့သင်္ဘောသားတွေ ထိခိုက်သေဆုံးရတဲ့အထိဖြစ်လာတာဟာ ငြိမ်းချမ်းရေးအတွက် အဓိကအတားအဆီးဖြစ်လာနေပြီး တင်းမာမှုတွေလျော့ကျသွားဖို့ နိုင်ငံတကာကအရေးတကြီးလိုလားနေပါတယ်။










