Border News Agency
အီရန်၊ဇွန် ၂၀။
အမေရိကန်က အီရန်ဆိပ်ကမ်းတွေအပေါ် နှစ်လကြာပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးခဲ့ပေမယ့် အီရန်နိုင်ငံဘက်ကတော့ ဆွတ်ဇာလန်နိုင်ငံမှာပြုလုပ်မယ့် နျူကလီးယားညှိနှိုင်းဆွေးနွေးပွဲတွေကို တက်ရောက်တာမရှိဘဲ ဟော်မုဇ်ရေလက်ကြားကို ဇွန်လ ၁၉ ရက်နေ့မှာ ထပ်မံပိတ်ဆို့လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
အီရန်ဘက်က အခုလိုရေလက်ကြားကို ပြန်လည်ပိတ်ဆို့ရတာမှာ အစ္စရေးက လက်ဘနွန်ကနေ ဆုတ်ခွာဖို့ ငြင်းဆန်နေတာနဲ့ ဒေသတွင်းမှာ အမေရိကန်တပ်ဖွဲ့တွေ ဆက်လက်ရှိနေတာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ထုတ်ပြန်ချက်အရ ဇွန်လ ၁၈ ရက်နေ့ကအမေရိကန်သမ္မတ ထရန့်နဲ့ အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ(MOU)ပါ သဘောတူညီချက်တွေကို အမေရိကန်ဘက်က ချိုးဖောက်နေတယ်လို့ စွပ်စွဲထားပါတယ်။
အီရန်ဘက်က အစ္စရေးတပ်ဖွဲ့တွေလက်ဘနွန်မှဆုတ်ခွာရေး၊ ရေတပ်ပိတ်ဆို့မှုအားလုံးကို အပြည့်အဝရုပ်သိမ်းရေးနဲ့ ပါရှန်းကွေ့ဒေသတွင်းက အမေရိကန်တပ်ဖွဲ့တွေ ဆုတ်ခွာရေး စတဲ့အချက်တွေကို တောင်းဆိုထားတာပါ။
ဒီအချက်တွေ မပြည့်စုံမချင်းဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားမှာဖြစ်လို့ ဘယ်သင်္ဘောမှ ဖြတ်သန်းတာမလုပ်ဖို့နဲ့ လိုက်နာတာမရှိရင်တိုက်ခိုက်ခံရမယ်လို့ သတိပေးထားပါတယ်။
အခုလို အီရန်ရဲ့ ရေလက်ကြားပြန်လည်ပိတ်ဆို့မှုဟာ သဘောတူညီချက်အရ ဇွန်လ ၁၉ ရက်နေ့မှာပြုလုပ်ဖို့ စီစဉ်ထားတဲ့ အမေရိကန်-အီရန် နျူကလီးယားဆွေးနွေးပွဲ ပထမအကျော့ ပျက်ပြယ်သွားပြီးနောက် နာရီပိုင်းအကြာမှာ ထွက်ပေါ်လာတာဖြစ်ပြီး ဆွေးနွေးပွဲရွှေ့ဆိုင်းရတဲ့ အကြောင်းရင်းကိုတော့ အမေရိကန်ဘက်က ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။










