Border News Agency
မန္တလေး၊ဇွန် ၂၃။
မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေကြေးခြိမ်းခြောက်တောင်းခံခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)အဖွဲ့ကို NUG လက်အောက်ခံ PDF တပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့ရာမှာ PDF ရဲဘော် ၄ ဦး ကျဆုံးခဲ့ရတယ်လို့ NUG စစ်ရုံးချုပ်က ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီဝဲလောင်းရွာသားတဦးကို ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က PLA က ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဆီကနေ သိန်း ၂,၀၀၀ တောင်းခံခဲ့တယ်လို့ဆိုပါတယ်။
NUG ဘက်က ပြန်လွှတ်ပေးဖို့ ညှိနှိုင်းခဲ့ပေမယ့် မရခဲ့ဘဲ ဇွန်လ ၂၂ ရက်နေ့မှာမှ ဖမ်းဆီးခံထားရသူကို ပြန်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမယ့် ပြန်လွှတ်ပေးတဲ့သူဟာ ရိုက်နှက်ခံထားရလို့ သတိလစ်နေတဲ့ အခြေအနေမှာ တွေ့ရှိခဲ့ရတလို့လည်းဆိုပါတယ်။
အဲဒီနောက် PDF တပ်ဖွဲ့တွေက PLA စခန်းကို ဝင်ရောက်စစ်ဆေးရာမှာ စခန်းအတွင်း မိုင်းထောင်ထားခဲ့တဲ့အတွက် PDF ရဲဘော် ၄ ဦး ကျဆုံးပြီး တခြားရဲဘော်တွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ဆိုပါတယ်။
PLA နဲ့ ပတ်သက်ပြီး ပြည်သူတွေဆီက တိုင်ကြားထားတဲ့ တခြားဖြစ်စဉ်တွေကိုလည်း NUG အနေနဲ့ ဆက်လက်စုံစမ်း အရေးယူသွားမယ်လို့ ဆိုပါတယ်။










