Border News Agency
အီရန်၊ ဇွန် ၂၉။
အမေရိကန်နဲ့ အီရန်ကြား ချုပ်ဆိုထားတဲ့နားလည်မှုစာချွန်လွှာ (MoU) ဟာ နှစ်ဖက်စစ်ရေးအရ အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ပျက်ပြယ်လုနီးပါး အခြေအနေသို့ရောက်ရှိနေပြီး အီရန်နိုင်ငံတွင်း ဘဏ္ဍာရေးစျေးကွက်လည်း ထိုးဆင်းသွားခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဟာ အမေရိကန်ရဲ့ ဒုတိယမြောက်နေ့ ဗုံးကြဲမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ကူဝိတ်ရှိ အမေရိကန် အလီအယ်လ်ဆာလမ်လေတပ်စခန်းနဲ့ ဘာရိန်းရှိ အမေရိကန်ပဉ္စမရေတပ်ဖွဲ့တို့ကို ဘာလစ်စတစ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ညတွင်းချင်းပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအပြင် အမေရိကန်ဘက်က သဘောတူညီချက်ကိုထပ်မံချိုးဖောက်ရင် နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမယ်လို့လည်း သတိပေးထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီက ဟော်မုဇ်ရေလက်ကြားဖြတ်သန်းသွားလာမှုကို လာမယ့်ရက်ပေါင်း ၃၀ အထိ အီရန်ဘက်ကပဲ တဦးတည်း စီမံခန့်ခွဲသွားမယ်လို့ ဆိုပါတယ်။
အမေရိကန်ကြားဝင်စေ့စပ်ပေးထားတဲ့ အစ္စရေး – လက်ဘနွန် သဘောတူညီချက်ဟာ ဇွန်လ ၁၇ ရက် MoU ရဲ့ ပထမဆုံးအပိုဒ်ဖြစ်တဲ့ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေ အပြီးတိုင်ရပ်တန့်ရမယ်ဆိုတဲ့အချက်ကို ဆန့်ကျင်နေတယ်လို့ဝေဖန်ခဲ့ပါတယ်။
ခုလက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အီရန်ရဲ့ စျေးကွက်အတွင်း အမေရိကန်ဒေါ်လာလဲလှယ်နှုန်းဟာ အီရန်ရီယယ် ၁.၇ သန်းအထိ စံချိန်တင်မြင့်တက်သွားပြီး တဟီရန်စတော့အိတ်ချိန်းမှာလည်း အညွှန်းကိန်း ၁ သိန်းကျော် ထိုးဆင်းသွားတာကြောင့် စီးပွားရေးအရ အကျပ်အတည်းတွေပိုမိုရင်ဆိုင်နေရတယ်လို့ သိရပါတယ်။










