Border News Agency
နေပြည်တော်၊ ဇွန် ၃၀။
ပညာရေးကိုဖျက်ဆီးတာဟာ နိုင်ငံရဲ့အနာဂတ်ကို ဖျက်ဆီးတာဖြစ်တယ်လို့ သမ္မတတုဦးမင်းအောင်လှိုင်က ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်အစည်းအဝေးတခုမှာ ပြောဆိုခဲ့ပါတယ်။
သူက အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရတဲ့စာသင်ကျောင်းတွေကို စစ်တပ်နဲ့ရဲပူးပေါင်းပြီး လုံခြုံရေးယူကာ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြဖို့ ညွှန်ကြားခဲ့တာပါ။
ဒါပေမယ့်မြေပြင်မှာတော့ အာဏာသိမ်းစစ်တပ်ဟာ စာသင်ကျောင်းတွေကို တပ်စွဲအခြေစိုက်တာနဲ့လေကြောင်းတိုက်ခိုက်တာတွေကို လုပ်ဆောင်နေပါတယ်။
အဲဒီလိုစာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေလို့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ သေဆုံးဒဏ်ရာရမှုတွေရှိနေပြီး ကျောင်းတွေလည်း ဆက်တိုက်ပိတ်ထားရတာဖြစ်ပါတယ်။
လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာရက္ခပြည်သူ့အစိုးရတို့က ကြားကာလပညာရေးအစီအစဉ်တွေနဲ့ အစားထိုးသင်ကြားပေးနေရပြီး အာဏာသိမ်းစစ်တပ်ကတော့ ပညာရေးကိုဗန်းပြကာ သူတို့အုပ်ချုပ်ရေး ပြန်လည်ပတ်ဖို့ကြိုးပမ်းနေတာလို့ ပြည်သူတွေကဆိုကြပါတယ်။










