Border News Agency
ကျောက်တော်၊ဇူလိုင် ၄။
အာရက္ခဒေသမှာ ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလမှ ဇွန်လအထိခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ကြောင့် အရပ်သားရှစ်ဆယ်သုံးဦး သေဆုံးခဲ့ရတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဇူလိုင် ၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။
အဲဒီကာလအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊လက်နက်ကြီးပစ်ခတ်မှုတွေနဲ့မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်သေဆုံးသူတွေအပြင် ဒဏ်ရာရသူ တရာ့ရှစ်ဆယ်ခုနှစ်ဦးနဲ့ အကြောင်းမဲ့ဖမ်းဆီးခံရသူ ခြောက်ဆယ်ငါးဦးအထိ ရှိလာနေတယ်လို့ ဆိုပါတယ်။
အဲဒီသေဆုံးသွားတဲ့ရှစ်ဆယ်သုံးဦးထဲမှာ အမျိုးသားလေးဆယ်နှစ်ဦး၊အမျိုးသမီးလေးဆယ်တဦးပါဝင်ပြီး အဲဒီထဲမှာမှ အသက်ဆယ့်ရှစ်နှစ်အောက် ကလေးငယ်ဆယ့်ကိုးဦးအထိ ပါဝင်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဒဏ်ရာရသူတရာ့ရှစ်ဆယ်ခုနှစ်ဦးထဲမှာလည်း ကလေးငယ်သုံးဆယ်လေးဦး ပါဝင်နေတယ်လို့ဆိုပါတယ်။
နောက်ပြီးလူနေအိမ် နှစ်ရာ့နှစ်ဆယ့်ကိုးလုံး၊ ဆိုင်ရှစ်ဆယ်သုံးဆိုင်နဲ့ဘာသာရေး၊ပညာရေး အဆောက်အအုံတွေ အပါအဝင် ပြည်သူပိုင်ပစ္စည်းတွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီအပြင်ဖမ်းဆီးခံထားရသူခြောက်ဆယ်ငါးဦးအထိ ရှိနေပြီး အာရက္ခဒေသမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေဆဲလို့လည်းဆိုပါတယ်။






