Border News Agency
မလေးရှား၊ ဇူလိုင် ၉။
မလေးရှားနိုင်ငံထဲ အိန္ဒိယနိုင်ငံသားတွေကို တရားမဝင်ခိုးသွင်းပေးနေတဲ့ မလေးရှားနိုင်ငံသား လူမှောင်ခိုသမားတဦးနဲ့အတူ အိန္ဒိယနိုင်ငံသားလေးဦးကို ကွာလာလမ်ပူနဲ့ ဆလန်ဂေါရှိကားဂိတ်တွေမှာ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
သူတို့ကို တလကြာထောက်လှမ်းပြီးနောက် ဇူလိုင်လ ၇ ရက်၊ ညနေပိုင်းမှာဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းမိသူတွေဟာ အသက်ဆယ့်ရှစ်နှစ်ကနေ လေးဆယ်ရှစ်နှစ်အတွင်းရှိသူတွေ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံသားတွေထဲက တဦးဟာ နာမည်ပျက်စာရင်းသွင်းခံထားရသူဖြစ်ပြီး ကျန်သူတွေမှာလည်း ဗီဇာနဲ့ စာရွက်စာတမ်းအထောက်အထား မရှိကြပါဘူး။
သူတို့ဟာတရားမဝင်လမ်းကြောင်းကနေ ခိုးဝင်လာကြတာဖြစ်ပြီး လူမှောင်ခိုသမားက ကားဂိတ်တွေမှာလာကြိုကာ သွားလိုတဲ့နေရာတွေကို လိုက်ပို့ပေးတာဖြစ်ပါတယ်။
ဒီလုပ်ငန်းအတွက် လူတဦးကို မလေးရှားရင်းဂစ်ခြောက်ထောင်ကျပ်စီတောင်းခံပြီး ပြီးခဲ့တဲ့တနှစ်ကတည်းက လုပ်ကိုင်နေတာလို့သိရပါတယ်။
အဲဒီ ဖမ်းဆီးမှုအတွင်း သူတို့အသုံးပြုတဲ့ကားတစီး၊ ဖုန်းနှစ်လုံးနဲ့ ပတ်စပို့လေးအုပ်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအပြင် မလေးရှားနိုင်ငံသားကို လူကုန်ကူးမှုတိုက်ဖျက်ရေးအက်ဥပဒေနဲ့ အရေးယူထားပြီး အိန္ဒိယနိုင်ငံသားတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရအရေးယူဖို့ သက်ဆိုင်ရာရုံးကိုပို့ဆောင်ထားပါတယ်။















