Border News Agency
မြောက်ဦး၊ ဇူလိုင် ၉။
ရက်ဆက်မိုးသည်းထန်နေတဲ့အာရက္ခဒေသမှာ လာမယ့်ရက်တွေအတွင်းမိုးပိုကြီးလာပြီး ရေကြီးရေလျှံမှုတွေအမြင့်ဆုံးအဆင့်ထိ ရောက်လာနိုင်တယ်လို့ ကမ္ဘာလုံးဆိုင်ရာရေလွှမ်းမိုးမှုကြိုတင်သတိပေးစနစ် (GloFAS) က သတိပေးလိုက်ပါတယ်။
အာရက္ခဒေသမှာ ဂျူလိုင်လ ၁၀ ရက်ကစပြီး ရေကြီးမှုဟာ အနီရောင်အဆင့်အမြင့်ဆုံးထိရောက်ရှိနိုင်ပြီး အနှစ်နှစ်ဆယ်အတွင်း စံချိန်တင်ရေကြီးမှုမျိုး ဖြစ်လာနိုင်ပါတယ်။
ဒီရေကြီးမှုဟာ ဇူလိုင်လ ၁၆ ရက်နေ့ထိတာရှည်နိုင်ပြီး မြောက်ပိုင်းဒေသတွေမှာ ပိုမိုထိခိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးရေချိန်လေးရာမီလီမီတာထိ ကျော်လွန်ရွာသွန်းနိုင်တာကြောင့် စိုက်ပျိုးမြေသုံးထောင်ခုနှစ်ရာဟက်တာနဲ့ ဒေသခံလူဦးရေထောင်ချီ ထိခိုက်နိုင်ပါတယ်။
မြေဆီလွှာစိုဓာတ်လွန်ကဲနေတာကြောင့် တောင်ပြို၊ မြေပြိုတာနဲ့ လျှပ်တပြက်ရေကြီးတာတွေဖြစ်လာနိုင်လို့ အန္တရာယ်ရှိတဲ့နေရာတွေမှာ မနေထိုင်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ပြည်သူတွေဟာ စားနပ်ရိက္ခာ၊ သောက်ရေနဲ့ အမိုးအကာတွေကို ကြိုတင်သိုလှောင်ထားဖို့ လိုအပ်ပါတယ်။
ရေကြီးပြီးရင် ရောဂါကူးစက်မှုတွေပိုများလာနိုင်တာကြောင့် ဝမ်းပျက်ဝမ်းလျှောနဲ့ ခြင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်းကြိုတင်ကာကွယ် ကျန်းမာရေး ဂရုစိုက်ကြဖို့လိုအပ်ပါတယ်။










