Border News Agency
မင်းပြား၊ဇူလိုင် ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မင်းပြားမြို့နယ်၊ရွှေကျန်ရွာမှရေဘေးသင့်ပြည်သူတွေ အကူအညီတွေလိုအပ်နေကြပါတယ်။
အဲဒီရွာဟာ တောင်ကျရေနဲ့ချောင်းရေတက်လာတာမို့ ရွာသားတချို့ကို သိမ်တောင်ဘုန်းကြီးကျောင်းသို့ ပြောင်းရွေ့ထားရပါတယ်။
အဲဒီရွာမှာ အိမ်ထောင်စု ၄၁၀ ၊လူဦးရေ၂၀၆၃ ဦးရှိပြီး အိမ်ထောင်စု ၃၀၀၊လူ ဦးရေ ၁၀၄၀ ဦးကို အရေးပေါ်ပြောင်း ရွှေ့ထားရတာပါ။
အဲဒီရေဘေးသင့်လူဦးရေတထောင်ကျော်ဟာ အရေးပေါ်သောက်သုံးရေ၊ဆေးဝါး၊အဝတ်အထည်တွေနဲ့အခြေခံစားသောက်ကုန်တွေ အကူအညီလိုအပ်နေကြပါတယ်။
အဲဒီကျေးရွာအမြင့်ပိုင်းကိုလေးပေထိရေတက်နေသလို အနိမ့်ပိုင်းကိုခြောက်ပေထိတက်နေတယ်လို့ရွာသားတွေကဆိုကြပါတယ်။
အဲဒါကြောင့်လူနေအိမ်တွေအပြင် ကွမ်းခင်းတွေ၊စပါးစိုက်ခင်းတွေလည်း ပျက်စီးသွားနိုင်တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။

























