Border News Agency
မြောက်ဦး၊ဇူလိုင် ၁၃။
ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် ဇူလိုင်လ ၁၃ ရက်ကနေ ၂၀ ရက်နေ့အထိ အာရက္ခဒေသအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အများအပြားမှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
မုတ်သုံလေ အားကောင်းမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာ စတဲ့သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
အဲဒီ ဘင်္ဂလားပင်လယ်အော်နဲ့ ထိစပ်နေတဲ့ အာရက္ခဒေသ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာလည်း တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခဒေသအတွင်းရှိ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊မြစ်ငယ်ချောင်းငယ်တွေအနီး နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကိုကြိုတင်သတိပြုကြဖို့ လိုအပ်ပါတယ်။
ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ရာသီဥတုအခြေအနေကို ကြိုတင်သတိပြု သွားလာကြဖို့ တိုက်တွန်းထားပါတယ်။







