Border News Agency
ဝါရှင်တန်၊ ဇူလိုင် ၁၃။
ဟော်မုဇ်ရေလက်ကြားထိန်းချုပ်ခွင့်နဲ့ ပတ်သက်လို့ အမေရိကန်နဲ့အီရန်တို့အကြား တိုက်ခိုက်မှုတွေ ဆက်တိုက်ပြင်းထန်နေပြီး အမေရိကန်စစ်ဌာနချုပ်က အီရန်နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်တွေကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အခုတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ဇွန်လက ချုပ်ဆိုခဲ့တဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပျက်ပြားသွားပြီးနောက်ပိုင်း နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုတွေရဲ့ နောက်ဆက်တွဲဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တိုက်ရိုက်ခွင့်ပြုချက်နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဟာ ပြီးခဲ့တဲ့ အပတ်ကတင် အီရန်ရဲ့ ဒရုန်းနဲ့ မစ်ဆိုင်းစခန်း အပါအဝင် စစ်ရေးပစ်မှတ်ပေါင်း တရာ့လေးဆယ်ခန့်ကို တိုက်ခိုက်ခဲ့တာပါ။
အီရန်နိုင်ငံဘက်မှာတော့ ဟော်မုဇ်ရေလက်ကြား အနီးတဝိုက်က နေရာတချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပေမယ့် အရပ်သား ထိခိုက်မှုတော့ မရှိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးရဲ့ နှစ်ဆယ်ရာခိုင်နှုန်းခန့် ဖြတ်သန်းနေတဲ့ ဒီရေလက်ကြားကို အီရန်ဘက်က ပြန်ပိတ်လိုက်ပြီလို့ ဆိုပေမယ့် အမေရိကန်ကတော့ ရေကြောင်းလမ်းပွင့်နေဆဲလို့ ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ ကုလသမဂ္ဂ ဘက်ကနေ နှစ်ဖက်စလုံးကို စစ်ရေးအရ အမြင့်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းထားပြီး အီရန်ဘက်ကတော့ မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်အရ အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတွေကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ တုံ့ပြန်ထားတယ်လို့သိရပါတယ်။







