Border News Agency
အိန္ဒိယ၊ဇူလိုင် ၂၃။
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ဆစ်ကင်းပြည်နယ်မှာ တည်ဆောက်နေဆဲရေအားလျှပ်စစ် စီမံကိန်း လိုဏ်ခေါင်းတခုအတွင်း ဇူလိုင်လ ၂၀ ရက်က ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပြီး ပြိုကျလို့ နည်းဆုံးလူဆယ်ဦး သေဆုံးပြီးဆယ့်ခုနှစ် ဦး ပျောက်ဆုံးနေပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဘူတန်နဲ့ တိဘက် နယ်စပ်အနီး စမားဒေါင်ရွာမှာရှိတဲ့ မဂ္ဂါဝပ် ၅၀၀ ထွက်ရှိမယ့် တီစတာမြစ် ရေအားလျှပ်စစ် စီမံကိန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၃ ရက်၊ဒီနေ့အထိ ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေရဆဲ ဖြစ်ပါတယ်။
ကျောက်ဆောင်တွေကြား ပိတ်မိနေတဲ့ မီသိန်းဓာတ်ငွေ့တွေ ရုတ်တရက် ပေါက်ကွဲခဲ့တာလို့ အမျိုးသား ရေအားလျှပ်စစ် ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။
လိုဏ်ခေါင်းအတွင်း မီသိန်း၊ကာဗွန်မိုနောက်ဆိုက်နဲ့ ဟိုက်ဒရိုဂျင် ဆာလဖိုက် စတဲ့ အဆိပ်ငွေ့တွေ ပြည့်နှက်နေတာကြောင့် အမျိုးသား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဟိမဝန္တာ တောင်တန်းဒေသတွေဟာ ငလျင်ကြောနဲ့ နီးစပ်ပြီး မြေပြင်အောက် အခြေအနေတွေကို ခန့်မှန်းရခက်တာကြောင့် လိုဏ်ခေါင်းတူးဖော်ရေးစီမံကိန်းတွေဟာ အန္တရာယ်များတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။







