Border News Agency
ရသေ့တောင်၊ဇူလိုင် ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်၊ပေါက်တောချေရွာမှာ ပြီးခဲ့တဲ့ဇွန်လ ၂၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့လူသတ်မှုမှကျူးလွန်သူတရားခံကို တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန (DLEP)က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီပေါက်တောချေရွာမှအသက်လေးဆယ်ရှစ်နှစ်အရွယ် ဦးကျော်သန်းချေ (ခ)ဦးအောင်ကြွပ်မှာလည်ပင်းနဲ့နားရွ က်မှာ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။
သူ့မိသားစုဝင်တွေက ရောဂါနဲ့လဲကျသေဆုံးတာလို့ထင်ပြီးအလောင်းကို မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း သမီးဖြစ်သူ မအေးငြိမ်းစံက ဖခင်ဖြစ်သူရဲ့ ဒဏ်ရာများမှာ ဓမ္မတာအတိုင်း သေဆုံးတာမဟုတ်ဘဲပယောဂတခုခုကြောင့် ဖြစ်နိုင်တာကိုသံသယရှိလို့ တိုင်တန်းခဲ့တာကြောင့် ဒီလပ်က ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုဖွင့်ခဲ့တာပါ။
ဒီလပ်တပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ ဇွန်လ ၂၁ ရက်နေ့မှာ မြှုပ်ထားတဲ့ ရုပ်အလောင်းကို ပြန်လည်တူးဖော်ဆေးစာ ထင်မြင်ချက် ရယူခဲ့ကြပါတယ်။
အဲဒီနောက် အခင်းဖြစ်ပွားတဲ့နေ့က သေဆုံးသူနဲ့ အရက်တူတူသောက်ပြီး ထမင်းစားဖို့ အတူထွက်ခွာသွားသူ ကျောက်ဆုံရွာမှ ဦးသန်းဝင်းကို မသင်္ကာတာကြောင့် ဇွန်လ ၂၂ ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
အဲဒီစစ်ဆေးချက်တွေအရ လမ်းမှာ အိမ်တအိမ်သို့ဝင်ရာမှစကားများ ရန်ဖြစ်ကြပြီး ဦးသန်းဝင်းက ပါလာတဲ့ ပေါက်တူးနဲ့ပေါက်သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။
အဲဲဒါကြောင့် ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ပေါက်တူးကိုသိမ်းဆည်းခဲ့ပြီး တရားခံ ဦးသန်းဝင်းကလည်း တရားရုံးမှာ ဖြောင့်ချက်ပေးခဲ့တာကြောင့် တရားစွဲဆို အရေးယူနိုင်ဖို့ ဆက်လုပ်နေပါတယ်။







