Border News Agency
ထိုင်း၊ ဇူလိုင် ၂၇။
ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီပြည်နယ်မှာ ဇူလိုင်လ ၂၅ ရက်နေ့က Work Permit နဲ့ ဗီဇာစာရွက်စာတမ်းကိစ္စ စကားများရာကနေ မြန်မာပွဲစားတဦး ဓားနဲ့ထိုးသတ်ခံလိုက်ရပါတယ်။
အဲဒီအသက်လေးဆယ်အရွယ်ပွဲစား ဦးဇေထူးအောင်ဟာ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ ဓားဒဏ်ရာတွေရပြီး ဆေးရုံမှာသေဆုံးသွားခဲ့သလို အသက်နှစ်ဆယ့်သုံးနှစ်အရွယ် စောနေထူးဆိုသူလည်း ကျောကုန်းမှာ ဓားဒဏ်ရာရခဲ့တာပါ။
ဗီဇာသက်တမ်းကုန်မှာစိုးလို့ စာရွက်စာတမ်းလာတောင်းချိန် နှစ်ရက်လောက် စောင့်ပေးဖို့ပြောတာကို မကျေနပ်လို့ ကျူးလွန်သူက အပေါင်းအပါလေးဦးနဲ့အတူ ဆိုင်ကယ်နဲ့ရောက်လာပြီး ဓားနဲ့ထိုးခုတ်ခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပြီးနောက်ရဲတပ်ဖွဲ့က သံသယရှိသူဇော်ဝင်းဌေးရဲ့ အခန်းကို သွားရှာပေမယ့် ပစ္စည်းအချို့ပဲတွေ့ရပြီး လူကိုတော့မတွေ့ရပါဘူး။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကိုစိစစ်ပြီး ထွက်ပြေးနေတဲ့ ကျူးလွန်သူငါးဦးလုံးကိုမိဖို့ လိုက်လံစုံစမ်းနေပါတယ်။










