Border News Agency
မြိုင်၊ ဩဂုတ် ၁။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သင်းမရွာကို အာဏာသိမ်းစစ်တပ်မီးရှို့လို့ နေအိမ်သုံးဆယ်ငါးလုံး မီးလောင်ပျက်စီးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းကထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ်၊ သင်းမရွာမှာတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းဟာ ဩဂုတ်လ ၁ ရက်၊ မနက်ပိုင်းမှာ ရွာကနေပြန်ဆုတ်သွားခဲ့ပြီး သင်းမရွာကနေမထွက်ခွာခင် နေအိမ်အများအပြားကိုမီးရှို့သွားပြီး အခုအချိန်အထိမီးတွေလောင်ကျွမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းပြန်ဆုတ်သွားပြီးနောက် သင်းမရွာထဲကိုရှင်းလင်းရေးဝင်ရောက်ခဲ့ပြီး အာဏာသိမ်းစစ်သားတွေထွက်ပြေးသွားတဲ့နောက်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဆက်ပြီး လိုက်လံတိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီသင်းမရွာဟာ မကွေးတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ အညာဒူဘိုင်းဒေသ ရေနံမြေနဲ့ ငါးမိုင်ခန့်သာဝေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သင်းမရွာမှာအခြေချတပ်စွဲဖို့ ရည်ရွယ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကိုမခံနိုင်တော့ဘဲ နောက်ဆုံးမှာပြန်ဆုတ်ခွာသွားရတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အောင်မြင်မှုတခုဖြစ်တယ်လို့ ဆိုပါတယ်။





























