Border News Agency
မီဇိုရမ်၊ သြဂုတ် ၂။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ စိုင်သောင်းခရိုင်အတွင်းသမိုင်းတလျှောက်အများဆုံး ပမာဏဖြစ်တဲ့ မက်သဖက်တမင်းခုနှစ်ဆယ်နှစ်ကီလိုဂရမ်ကျော်ကို Saitual ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က သြဂုတ်လ ၁ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
မနိပူရပြည်နယ်ဘက်မှ အာဇောလ်ဘက်သို့ မောင်းနှင်လာတဲ့ Tata အမျိုးအစား ကုန်တင်ကားတစီးကို ဇူလိုင်လ ၃၁ ရက်နေ့မှာ ရဲအထူးအဖွဲ့က Keifang ရွာအနီး ယာဉ်စစ်ဆေးရေးစခန်းမှာ စစ်ဆေးချိန်ယာဉ်မောင်းခန်းအထက်မှာ ဝှက်ထားတဲ့ မူးယစ်ဆေးဝါးထုပ်ပေါင်းခြောက်ဆယ်တထုတ်ကိုတွေ့ရှိခဲ့တာပါ။
အဲဒီမူးယစ်ဆေးဝါးတွေရဲ့ ကာလတန်ဖိုးမှာ အိန္ဒိယရူပီးငါးဆယ်ရှစ်ကုဋေကျော်ရှိပြီး ကားပေါ်ပါလာတဲ့ အာသံပြည်နယ်၊ Hailakandi ခရိုင်မှ အသက်နှစ်ဆယ့်တနှစ်အရွယ် Kaidul Islam Laskar နဲ့အသက်သုံးဆယ်နှစ် နှစ်အရွယ် Rafik Uddin Barbhuiya တို့ကို အခင်းဖြစ်နေရာမှ ညဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီအပြင် မူးယစ်ဆေးဝါးတိုင်ပင်ပါဝင်သူ Kolasib ခရိုင်၊ Bairabi ရွာနေ အသက်သုံးဆယ်ကိုးနှစ်အရွယ်အမျိုးသမီး Vanlallawmi ကိုလည်း Bairabi မြို့မှာ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေကို Saitual ရဲစခန်းမှာ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေ(NDPS Act)ပုဒ်မ ၂၂ ၊ ၂၅၊ ၂၉ တို့နဲ့ အမှုဖွင့်လှစ်ကာ ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။







