Border News Agency
အိန္ဒိယ၊ သြဂုတ် ၃။
အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးတာကြောင့် ကေရာလပြည်နယ်မှာ အနည်းဆုံးတဆယ့်တဦးနဲ့ ကာနာတာကာပြည်နယ်မှာ မြေပြိုမှုကြောင့် သုံးဦး၊ စုစုပေါင်း တဆယ့်လေးဦးသေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
မိုးကြီးရေလျှံမှုကြောင့် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားရပြီး ကေရာလပြည်နယ်မှာ ကယ်ဆယ်ရေးစခန်း နှစ်ရာခုနှစ်ဆယ့်ငါးခုဖွင့်လှစ်ကာ လူပေါင်းခုနစ်ထောင်ခုနှစ်ရာနီးပါးကို လက်ခံထားရတယ်လို့ ပြည်နယ်အစိုးရဝန်ကြီးတဦးက ဆိုပါတယ်။
အဲဒီအပြင်ပြည်နယ်တဝှမ်းရှိ ကျောင်းတွေကိုပိတ်ထားရသလို အစိုးရရဲ့ ပြည်နယ်အဆင့် ဆရာ၊ဆရာမ ခန့်အပ်ရေးစာမေးပွဲကိုပါ ရွှေ့ဆိုင်းထားရပါတယ်။
ကာနာတာကာပြည်နယ် မြေပြိုမှုမှာတော့ လင်မယားနှစ်ဦးနဲ့ သူတို့ရဲ့သားဖြစ်သူတို့ သေဆုံးသွားပါတယ်။
ရေကြီးဒဏ်ခံရတဲ့ဒေသတွေမှာ ရှင်းလင်းရေးလုပ်ငန်းတွေနဲ့ ကယ်ဆယ်ရေးစခန်း အစီအစဉ်တွေကို ပြန်လည်သုံးသပ်ဖို့ ကေရာလပြည်နယ် ဝန်ကြီးချုပ် ဗွီဒီဆာသီးဆန် က ဩဂုတ် ၃ ရက်မှာ ပြောဆိုထားပါတယ်။










