Border News Agency
ကရင်၊ သြဂုတ် ၄။
ကရင်ပြည်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကြောင်းမှူးအပါအဝင် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်အများအပြားသေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဩဂုတ်လ ၃ရက်နေ့ ထုတ်ပြန်ပါတယ်။
ကေအဲန်ယူထိန်းချုပ်နယ်မြေ အမှတ် ၆ တပ်မဟာရှိ ဒေါနအရှေ့ခြမ်းနယ်မြေတွေကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၃၊ ခမရ ၂၁၀ တပ်ရင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ သြဂုတ်လ ၃ ရက်နေ့က နှစ်ဘက်ထိပ်တွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် စစ်တပ်ခမရ ၂၀၃ တပ်ရင်းမှ ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအ၀င် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်အများအပြားသေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဲဒီလိုနှစ်ဘက်တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် အာဏာသိမ်းစစ်သားရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေအများအပြားကျန်ရှိနေပြီး စစ်တပ်ဘက်မှ MA3 နှစ်လက်၊ MA2 နှစ်လက်၊ MA1 တလက်၊ MA ပူးတွဲတလက် GPG တလက်၊ MA Bma တလက်၊ ဘောက်၀ိုင်းတခု၊ MA ဘောက်ဆယ့်နှစ်ခု၊ MA ကျည်ခုနှစ်ရာငါးဆယ်ငါးတောင့်၊ ၆၀ သီး သုံးလုံး၊ အီနာကာငါးလုံး၊ GPG ကျည်တလုံး၊ ပို့ရမ်းတလုံးသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းဥပဒေကိုအကြောင်းပြကာ မြန်မာနိုင်ငံအတွင်းရှိ အရပ်သားပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီး၊စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့နေတာဖြစ်တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်အတွင်း အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံနေရတဲ့ တပ်သားတွေ၊တပ်ဖွဲ့ဝင်တွေကို မိမိတို့ရဲ့အသက်အန္တရာယ်ကိုကာကွယ်နိုင်ဖို့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံးမှ အသိပေးထားပါတယ်။













