Border News Agency
ဧရာဝတီ၊ သြဂုတ် ၆။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာမှာ ရေစီးနဲ့မျောပါသွားခဲ့တဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ဩဂုတ်လ ၅ ရက်၊မနက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အသက်နှစ်ဆယ်ကျော်အရွယ် အဲဒီအမျိုးသားဟာ ရေကြီးရေလျှံနေတဲ့ အိုင်သပြုကျေးရွာ၊ အောင်မင်္ဂလာရပ်ကွက်မှာ ရေစီးနဲ့မျောပါသွားခဲ့တာဖြစ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကသွားရောက်ရှာဖွေခဲ့တာပါ။
အဲဒီအပြင် ဩဂုတ်လ ၃ ရက်၊ ညနေပိုင်းကလည်း လေးမျက်နှာမြို့၊ အမှတ်သုံးရပ်ကွက်ရှိ ရေနစ်မြုပ်နေတဲ့အိမ်တအိမ်အောက်ထပ်ကနေ အသက်ခြောက်ဆယ့်ကိုးနှစ်အရွယ် အမျိုးသမီးတဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ရပါသေးတယ်။
လေးမျက်နှာမြို့နယ်မှာ ရေကြီးရေလျှံမှုတွေဆက်လက်ဖြစ်ပေါ်နေပြီး ဩဂုတ်လ ၄ရက်၊ ညနေပိုင်းအထိ စာရင်းတွေအရ ရေဘေးသင့်သူ သုံးသောင်းနှစ်ထောင်ကျော်အထိ ရှိလာခဲ့တာပါ။
လက်ရှိမှာတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ရေဘေးသင့်ဒေသခံတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ပေးနေပါတယ်။













