Border News Agency
အမေရိကန်၊ သြဂုတ် ၇။
ဒေါ်အောင်ဆန်းစုကြည်ဆီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကိုကြိုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ခြွင်းချက်မရှိလွှတ်ပေးဖို့ သြဂုတ်လ ၇ ရက်၊ ဒီနေ့မှာ အမေရိကန်ပြည်ထောင်စုက ထပ်တောင်းဆိုလိုက်ပါတယ်။
အဲဒီတွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်ဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပုံမှန်ဝင်ရောက်တွေ့ဆုံခွင့်ရရှိရေးအတွက် အစပြုမှုတရပ်ဖြစ်လာမယ်လို့ မျှော်လင့်ထားတာပါ။
အဲဒီအပြင် အခြားနိုင်ငံရေးအကျဉ်းသားအားလုံးဆီ ပိုမိုကျယ်ပြန့်စွာ ဝင်ရောက်တွေ့ဆုံခွင့်ရရှိရေးအတွက်လည်း လမ်းဖွင့်ပေးနိုင်မယ်လို့ မျှော်လင့်တယ်လို့ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်တဲ့ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုနဲ့ မိသားစုဝင်တွေ၊သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့တွေ့ဆုံခွင့်ကို အာမခံပေးဖို့ အာဏာသိမ်းစစ်တပ်ကိုတိုက်တွန်းထားပါတယ်။
အဲဒီအပြင်မတရားဖမ်းဆီးခံထားရသူ အားလုံးကိုလွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် စစ်တပ်အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ပါ တောင်းဆိုထားတာဖြစ်ပါတယ်။








