Border News Agency
နေပြည်တော်၊ သြဂုတ် ၉။
အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အသစ်ခန့်အပ်ရေးနဲ့ သူရဲ့အခန်းကဏ္ဍမှာ ဆက်လိုအပ်ခြင်းရှိမည်မဟုတ်ဟု မှတ်ယူပါတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၈ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူလူထူဆန္ဒနဲ့အညီ ကျင်းပခဲ့တဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကတဆင့် ပေါ်ထွက်လာတဲ့အစိုးရအဖွဲ့တာဝန်ယူလုပ်နေတာကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအာဆီယံဥက္ကဋ္ဌရဲ့ သြဂုတ်လ ၇ ရက်နေ့ထုတ်ပြန်ချက်မှာ အပြုသဘောဆောင်တဲ့ဖော်ပြချက်တွေကို မြန်မာနိုင်ငံကအသိအမှတ်ပြုပေမယ့် တချို့စာသားတွေနဲ့ တောင်းဆိုချက်တွေဟာအဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ဆောင်ရွက်မှုအပေါ် ထင်ဟပ်မှုမရှိတာမို့ စိတ်ပျက်မိတယ်လို့ အာဏာသိမ်းစစ်တပ်ကဆိုကြပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ငါးနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဆက်ဆက်နဲ့ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့ပြီး လက်ရှိအာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့လည်း ဆက်ပူးပေါင်းဆောင်ရွက်မယ်လို့ဆိုပါတယ်။
အာဆီယံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့စည်းမျဉ်းအခြေပြုဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်တာနဲ့အညီ အာဆီယံပဋိညာဉ်စာတမ်းပါအခြေခံမူတွေ၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှုနဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုရေးဆိုတဲ့ “မူ”တွေကို အစဉ်အမြဲလေးစားလိုက်နာရန်လိုအပ်တယ်လို့ အာဏာသိမ်းစစ်တပ်ကဆိုပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေဟာ မိမိတို့ကိုယ်တိုင်ချမှတ်ထားတဲ့ အခြေခံမူတွေကိုလိုက်နာဆောင်ရွက်ရန်နဲ့ အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စတွေမှာ ဖိအားပေးတာ သို့မဟုတ် ဝင်ရောက်စွက်ဖက်မှုသဘောသက်ရောက်တဲ့ဆောင်ရွက်ချက်တွေကို ရှောင်ရှားရန်လိုအပ်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အပြုသဘောမဆောင်တဲ့ခွဲခြားဆက်ဆံမှုတွေအပေါ် လိုအပ်တဲ့တုံ့ပြန်မှုတွေနဲ့ကိစ္စရပ်တခုချင်းစီအလိုက် တုံ့ပြန်သွားမယ်လို့ဆိုပါတယ်။









