Border News Agency
ထိုင်း၊ သြဂုတ် ၁၂။
ထိုင်း-မြန်မာနယ်စပ်၊ချင်းရိုင်ခရိုင်မှာ မူးယစ်ဆေးဝါးတင်ဆောင်လာတဲ့ကားတစီးကို ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ကသေနတ်နဲ့ ပစ်ခတ်တားဆီးပြီး ယာဘဆေးပြားလေးသန်းနဲ့အတူ ယာဉ်မောင်းတဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။
မေချန်-ချင်းဆဲန်လမ်းပေါ်မှာ သြဂုတ်လ ၁၂ ရက်၊ ဒီနေ့မနက် အစောပိုင်းက မသင်္ကာဖွယ်အနက်ရောင်ကားတစီးကို စစ်ဆေးဖို့တားဆီးချိန် ရဲကားတွေကိုတိုက်ပြီးထွက်ပြေးခဲ့တာကြောင့် တာယာတွေကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရတာပါ။
ရဲတပ်ဖွဲ့ဟာ ကီလိုမီတာနှစ်ဆယ့်ငါးအကွာအဝေးအထိလိုက်လံဖမ်းဆီးခဲ့ရပြီး ချင်းဆဲန်မြို့နယ်၊ ပါဆတ်ကျေးရွာအုပ်စု၊ ဒေါ်ချမ်ပီရွာအနီးမှာ ကားဟာလမ်းလယ်ကျွန်းပေါ် ထိတက်သွားခဲ့ပါတယ်။
ထွက်ပြေးဖို့ကြိုးစားတဲ့ယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့ပြီးကားကိုစစ်ဆေးရာမှာ ပလတ်စတစ်အိတ်နှစ်ဆယ်နဲ့ထုပ်ပိုးထားတဲ့ ယာဘဆေးပြားစုစုပေါင်းလေးသန်းခန့်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီမူးယစ်ဆေးဝါးနဲ့ ကားကိုသိမ်းဆည်းထားပြီး ပါဝင်ပတ်သက်သူတွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေပါတယ်။














