Border News Agency
မြောက်ဦး၊ ဩဂုတ် ၁၆။
လူမှုရေး၊နိုင်ငံရေးနယ်ပယ်မှာ Tone Policing ဆိုတဲ့ သဘောသဘာဝတခု ရှိပါတယ်။ ပြဿနာတခု၊မညီမျှမှုတခု၊လိုအပ်ချက်တခုကို မသိကျိုးကျွံပြုထားချင်တဲ့အခါ အဲဒီပြဿနာ၊မညီမျှမှု၊လိုအပ်ချက်ကိုထောက်ပြသူ ဒါမှမဟုတ် ထောက်ပြတဲ့အသံကို တလွဲကောက်ချက်(Logical Fallacy)ပြီး ပြန်ထိုးနှက်တိုက်ခိုက်တဲ့သဘောပါ။
တချို့ကလည်း ဒရာဗိုဗျူဟာ (DARVO Strategy – Deny, Attack, and Reverse Victim and Offender)လည်း လွယ်လွယ်ခေါ်ကြပါတယ်။
ပြဿနာကို (Deny) ငြင်းဆန်ပါမယ်။ ဒါမှမဟုတ် အဲလောက်လည်းမဟုတ်ပါဘူးဆိုပြီး ပြောပါမယ်။
ပြီးရင် (Attack)တိုက်ခိုက်ပါမယ်။ ထောက်ပြသူ၊ထောက်ပြချက်ရဲ့စေတနာ ဒါမှမဟုတ် အကျင့်စာရိတ္တကို တိုက်ခိုက်ပါမယ်။
(Reverse Victim & Offender)ကျူးလွန်သူနဲ့ နစ်နာသူနေရာချင်းပြောင်းပါမယ်။ ဒုက္ခရောက်နေသူကို တရားခံလုပ်ပါမယ်။ မတရားလုပ်သူက နစ်နာသူအဖြစ် ဒါမှမဟုတ် ကယ်တင်ရှင်အဖြစ်ဟန်ဆောင်မယ်ဆိုတဲ့ သဘောမျိုးပါ။
တကယ်လို့လူ့အဖွဲ့အစည်းတခုမှာ အားနည်းသူတွေ၊မတူကွဲပြားတဲ့သူတွေ၊ထိခိုက်ခံရသူတွေက အဲဒီလိုခံစားချက်တွေရှိနေပြီဆိုရင် အဲဒီလူ့အဖွဲ့အစည်းထဲမှာ ဖိနှိပ်မှုစနစ်တွေနဲ့ မညီမျှမှုတွေအမြစ်တွယ်နေပြီဆိုတဲ့ သဘောလည်း ဆောင်နေပါတယ်။
ဘာကြောင့်ဒီလို Tone Policing တွေ၊ဒရာဗိုတွေရှိနေရသလဲဆိုရင် အသာစီးရထားတဲ့အုပ်စု ဒါမှမဟုတ် အာဏာပိုင်အုပ်စုတွေက တာဝန်ယူမှုကိုရှောင်လွှဲလိုတာကြောင့်ပါ။
ပြဿနာကို အမှန်အတိုင်းဝန်ခံလိုက်ရင် စနစ်ကိုပြင်ရတော့ပါမယ်။ အခွင့်ထူးတွေ၊အကျိုးစီးပွားတွေကို စွန့်လွှတ်ရပါတော့မယ်။
အဲဒါကြောင့် ပြဿနာကိုမဖြေရှင်းဘဲ “ထောက်ပြသူ”ကို ပြန်ပစ်မှတ်ထားလိုက်တာဖြစ်ပါတယ်။
သူတို့ကပဲ ပုံရိပ်ကောင်းရယူမှု (Moral High Ground)ကို လက်ဦးအောင်အရင်လုပ်ထားကြပါသေးတယ်။
တာဝန်ယူမှုကိုရှောင်လွှဲလိုသူတွေကပဲ “ငါတို့က စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားသူတွေပါ။”ဆိုတဲ့ ပုံရိပ်ကို ယူလိုက်ပြီး မညီမျှမှုကို ထောက်ပြသူကိုတော့”ငြိမ်းချမ်းရေး ဖျက်ဆီးသူ၊ညီညွတ်ရေးကို ဖျက်ဆီးသူ၊သစ္စာ
ဖောက် ဘာညာ” အဖြစ် ပြန်စွပ်စွဲမှုတွေ၊ခြိမ်းခြောက်မှုတွေ၊အန္တရာယ်တွေကိုပြုကြပါသေးတယ်။
ခေတ်သစ်ဖြစ်ရပ်တွေ
၁၉၆၀ ပြည့်လွန်ကာလတွေမှာ အမေရိကန်ပြည်ထောင်စုမှာ ဒေါက်တာမာတင်လူသာကင်း ဂျူနီယာ (Dr. Martin Luther King Jr)တို့ရဲ့ လူမည်းအခွင့်အရေးလှုပ်ရှားမှု (Civil Rights Movement) တွေ ပေါ်ထွက်လာပါတယ်။လှုပ်ရှားမှုတွေဟာ အကြမ်းမဖက်ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒပြကြတာပါ။
အဲဒါကိုအာဏာပိုင်တွေနဲ့ တချို့လူဖြူတွေက လူမည်းတွေကို”တည်ငြိမ်ရေးကို ဖျက်ဆီးသူ”၊”ဆူပူသောင်းကျန်းသူ” လို့ စွပ်စွဲပါတော့တယ်။
အဲဒါဟာမမျှတတဲ့စနစ်ကြောင့် ထိခိုက်ခံရသူတွေကို Tone Policing လုပ်တာပါပဲ။ ဘာကြောင့်လူမည်းတွေ ခုလို တောင်းဆိုရလဲဆိုတဲ့ ဇစ်မြစ်ကိုရှောင်လွှဲပြီး မညီမျှမှုကြောင့်ထိခိုက်ကြောင်း အသံထွက်လာတဲ့အခါ အဲဒီအသံကို အပြစ်ရှာတာပါပဲ။
အဲဒီလိုနဲ့လူမည်းတွေကို ဆူပူတယ်လို့ အကြောင်းပြချက်နဲ့ ထောင်ထဲထည့်ခဲ့ပါတယ်။
ဗြိတိန်မှာလည်း စကော့တလန်ဘက်က ကိုယ်ပိုင်အုပ်ချုပ်ရေးပိုမိုရရှိဖို့အတွက် အရေးဆိုလာတဲ့အခါ Great Britain ဝါဒီတွေက အမျိုးမျိုးအပုပ်ချခဲ့တာပါပဲ။
ကနေဒါမှာလည်းဌာနေတိုင်းရင်းသားတွေက မြေယာရပိုင်ခွင့်နဲ့ အတိတ်ကဖိနှိပ်ခံခဲ့ရတာတွေကို ထုတ်ဖော်ကြတဲ့အခါ အစိုးရနဲ့အချို့လူအများစုတွေက”အတိတ်က အကြောင်းတွေကိုမတူးဆွပါနဲ့၊နိုင်ငံတော်ညီညွတ်ရေးအတွက် ရှေ့ဆက်ကြစို့” ဆိုတဲ့ စကားလုံးတွေနဲ့ရှောင်ဖယ်ကြပါတယ်။
တကယ်ဇစ်မြစ်ကိုရှောင်လွဲပြီး ဌာနေတိုင်းရင်းသားတွေရဲ့ဇာတိဂုဏ်အရ တန်ဖိုးထားတဲ့ယဉ်ကျေးမှုတွေကို “ပုဆိန်ကပွဲတွေက ဆူညံတယ်။”ဆိုတဲ့ သဘောမျိုးပြောကြပါတယ်။
တောင်အာဖရိကမှာလည်း လူဖြူအစိုးရကို လူမည်းတွေက အခွင့်အရေးတောင်းဆိုတော့”အကြမ်းဖက်သူတွေ၊ ခွဲထွက်ရေးသမားတွေ” လို့ ပုံရိပ်တပ်ပြီးဖိနှိပ်ခဲ့ပါတယ်။
ဒါပေမယ့် စောစောကပြောခဲ့တဲ့ နိုင်ငံတွေမှာ ဒီမိုကရက်တစ်ယဉ်ကျေးမှုတွေရှိတာကြောင့် ပြဿနာရဲ့ဇစ်မြစ်ကို တနည်းမဟုတ်တနည်းနဲ့ချပြခွင့်က လူထုမှာရှိနေကြပါတယ်။
အဲဒီတော့တဖက်က ဒါကိုငါတို့ပြုပြင်ရပါမယ်။ ဖိနှိပ်ထား၊မျက်ကွယ်ပြုထားလို့မရဘူးဆိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒကို တွန်းအားဖြစ်စေခဲ့ပါတယ်။
နိုင်ငံရေး စိတ်ဆန္ဒကသာ အဓိက
ဒီနေရာမှာ တချို့ဒရာဗိုတွေမှာ ရယ်စရာကောင်းတာတခုရှိပါတယ်။ အရေးပေါ် အခြေအနေဖြစ်နေလို့၊ပြဿနာဖြစ်နေလို့ ဒါတွေကိုမဖြေရှင်းနိုင်သေးဘူးဆိုတဲ့ စကားနဲ့ငြင်းပယ်ကြတဲ့အချက်ပါ။
ဒီမိုကရက်တစ်တန်ဖိုးလို့ပြောလာရင် တခါတည်းနတ်ရေကန်ထဲချလိုက်ပြီး နေ့ချင်းညချင်းအရှင်မွေးလာတဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေရှိရမယ်လို့ ထင်နေကြသလားမသိပါဘူး။
နောက်ပြီးဒီမိုကရက်တစ်တန်ဖိုးဆိုတာ အဲဒီလို အရေးပေါ် အခြေအနေ ဖြစ်နေလို့၊ပြဿနာတွေကို ဖြေရှင်းဖို့အတွက် တပြိုင်နက်တည်း တည်ဆောက်နေရတာဆိုတာကိုလည်း နားလည်ကြပုံမပေါ်ပါဘူး။
သူတို့ရဲ့သဘောက “ဒီရောဂါဖြစ်နေသေးလို့ ဟိုရောဂါလက္ခဏာပြလာတာကို မကုနိုင်သေးဘူး။ ဆေးမသောက်သေးဘူး။” ဆိုတဲ့သဘောပါပဲ။
အဲဒီသဘောကို နိုင်ငံရေးစိတ်ဆန္ဒနဲ့ ကြည့်ရင် အမှန်တကယ် ရောဂါပျောက်ချင်၊ကျန်းမာသန်စွမ်းချင်ရင်တော့ လောလောဆယ်မှာ ရောဂါကိုမကုနိုင်သေးရင်တောင် အဲဒီရောဂါရှိကြောင်းကိုတော့ဝန်ခံမှာပါ။
အဲဒီလိုရောဂါရှိကြောင်း လူထုရဲ့ပြောဆိုဝေဖန်သံတွေကိုလည်းပြန်ပြီး ဒရာဗိုတွေ၊ Tone Policing တွေ လုပ်နေမှာ မဟုတ်ပါဘူး။
အာမေးနီးယားဘုရင် တိဂရေးနစ် (Tigranes the Great)
အာမေးနီးယားဘုရင်တိဂရေးနစ်ဟာ စစ်ပွဲတွေကိုတောက်လျှောက်နိုင်ခဲ့ပြီး သူကိုယ်သူတော်တော်ကြီးကို မာန်မာနထူခဲ့တဲ့ဘုရင်ပါ။
အာမေးနီးယားနဲ့ရောမကြားမှာ တင်းမာမှုတွေရှိလာတော့ ရောမလွှတ်တော်က ရောမစစ်သူကြီးလူကူးလပ်စ်ကို တိုက်ဖို့ လွှတ်လိုက်ပါတယ်။
ရောမတပ်တွေချီတက်လာတော့ သံတော်ဆင့်တဦးက ဘုရင်တိဂရေးနစ်ထံကို လျှောက်တင်ပါတယ်။
တိဂရေးနစ်က သူ့ဆီသတင်းဆိုးလာပြောရမလားဆိုပြီး စိတ်ဆိုးကာ သတင်းပေးတဲ့သံတော်ဆင့်ကို ကွပ်မျက်လိုက်ပါတယ်။
အဲဒီတော့နောက်ဘယ်သူမှရောမစစ်တပ်အကြောင်း မဟဝံ့တော့ပါဘူး။ ဒီလိုနဲ့ ဘုရင်တိဂရေးနစ်ဟာ အထိနာပါတော့တယ်။
ရောမလွှတ်တော်က ရောမစစ်သူကြီးလူကူးလပ်စ်နေရာမှာ စစ်သူကြီးပွန်ပီနဲ့ နေရာလဲလိုက်တဲ့အခါ ပွန်ပီက တိဂရေးနစ်ကို အပြင်းအထန်တိုက်ပါတော့တယ်။
နောက်ဆုံးတိဂရေးနစ်ဟာ ပွန်ပီထံအညံ့ခံပြီး ရောမရဲ့လက်အောက်ခံ ဘုရင်ဘဝကိုရောက်ခဲ့ရပါတယ်။
တရုတ် ဟန်ဧကရာဇ်ဘုရင် (Emperor Wu of Han)
ဟန်မင်းဆက် (Han Dynasty) ကာလ ဘီစီ ၉၉ လောက်မှာ စစ်သူကြီးလီလင်း (Li Ling) ဟာ ဇီယွန်နူ (Xiongnu) လူမျိုးတွေနဲ့တိုက်ပွဲဖြစ်ပါတယ်။
ဇီယွန်နူတွေဘက်က လူအင်အားသာလွန်တာကြောင့် စစ်သူကြီးလီလင်းဟာအဖမ်းခံရပါတယ်။
အဲဒီသတင်းကိုကြားတော့ ဟန်ဧကရာဇ်ကဒေါသထွက်ပြီး လီလင်းအပေါ် အပြစ်တင်ပါတော့တယ်။ ဒီအချိန်မှာ စီမာကျန်း (Sima Qian) ဆိုတဲ့ အမတ်ကထပြောပါတယ်။
ဟန်ဧကရာဇ်ဘက်က စစ်ကူအချိန်မီမလွှတ်လို့ လီလင်း ခုလိုအဖမ်းခံရတာလို့ပြောတော့ ဟန်ဧကရာဇ်က ပေါက်ကွဲပါတော့တယ်။ သူ့ကိုအဲလိုထောက်ပြရမလားဆိုပြီး စီမာကျန်းကို သင်းကွပ်ပစ်လိုက်ပါတော့တယ်။
သမိုင်းက ဘာကိုပြနေသလဲ
အာမေးနီးယားဘုရင် တိဂရေးနစ် (Tigranes the Great) ကတော့ ကိုယ့်အလှည့်ရောက်လာတဲ့အခါ၊ ကိုယ်ရှုံးတဲ့အခါ “ပွန်ပီလိုလူထံ ရှုံးရတာ ဂုဏ်ရှိတယ်။”ဆိုတဲ့ စကားမျိုးကိုပြောခဲ့ပါတယ်။
တရုတ်ဟန်ဧကရာဇ်အတွက်လည်း ဆုံးရှုံးမှုကကြီးမားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ဟန်ဧကရာဇ်က တိဂရေးနစ်ထက်စာရင် ပိုခံသာပါသေးတယ်။
ဘီစီ ၈၉ မှာ တရုတ်ဧကရာဇ် ဟန်ဘုရင်က သူ့ရဲ့ အမှားတွေအတွက် နောင်တစကား (Luntai Edict of Repentance) အမိန့်ပြန်တမ်းထုတ်ပြီး သူ့အမှားကို ပြည်သူတွေရှေ့မှာ ဝန်ခံခဲ့ပါတယ်။
အဲဒါမျိုးက တရုတ်သမိုင်းမှာ အလွန်ရှားပါးတဲ့ဖြစ်စဉ်လည်း ဖြစ်ပါတယ်။
လူထုကို ဖိထားချင်တဲ့ တိဂရေးနစ်တွေ
မြန်မာ့နိုင်ငံရေးတလျှောက် ရခိုင်နိုင်ငံ ရေးအခင်းအကျင်းဟာ မြန်မာအာဏာ ပိုင်တွေရဲ့ Tone Policing တွေ၊ ဒရာဗိုတွေကို အကြိမ်ကြိမ် ခံဖူးခဲ့ပါတယ်။
ရခိုင်လူထုအတွက်တော့ ခံရတဲ့ ဒဏ်က ဆိုဖွယ်ရာ မရှိတော့ပါဘူး။လက်ရှိ ရခို င်ဒေသထဲမှာတော့ အုပ်ချုပ်သူအပြော င်းအလဲတွေ ရှိလာပါတယ်။
တချိန်က Tone Policing တွေ၊ဒရာဗိုတွေ ဒဏ်ကိုခံဖူးထားတဲ့သူတွေဟာ ခုတော့လူထုကိုပြန်ပြီး Tone Policing တွေ၊ဒရာဗိုတွေ ပြန်လုပ်လာတာတွေရှိနေပါတယ်။
ဘက်ပေါင်းစုံက အကျပ်အတည်းဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတခုကို သူတို့ရဲ့အသံတွေထွက်ခွင့်ပေးရမှာပါ။
အဲဒီအသံတွေကို နားခါးတယ်။ မခါးဘူးဆိုတာဟာ လက်ရှိနယ်မြေကို ထိန်းချုပ်ထားသူတွေရဲ့ ဒီမိုကရက်တစ်တန်ဖိုးကို ဘယ်လောက်နားလည်သလဲဆိုတာနဲ့ ဆိုင်ပါတယ်။
အာမေးနီးယားဘုရင် တိဂရေးနစ်ရော၊တရုတ်ဧကရာဇ် ဟန်ရော အမှန်တရားခါးတယ်ဆိုပြီး မျက်ကွယ်ပြုခဲ့တဲ့အပြင် အမှန်ကိုပြောတဲ့သူတွေကိုပါ ခြိမ်းခြောက်ဖိနှိပ်ပစ်ခဲ့ပါသေးတယ်။
တရုတ်ဧကရာဇ် ဟန်ကတော့ သူ့အမှားသူပြန်မြင်ခဲ့ပါတယ်။ တိဂရေးနစ်ကတော့…။
လူထုနဲ့ ကိုယ့်အဖွဲ့အစည်းအပေါ် တိဂရေးနစ်တွေ ဆန်လာပြီး Tone Policing တွေ၊ဒရာဗိုတွေလုပ်တာ ရေရှည်အနာဂတ်အတွက် သိပ်မကောင်းနိုင်ပါဘူး။
ကိုးကား…
Tone Policing
DARVO
တိဂရေးနစ်ဘုရင်
ဧကရာဇ်ဟန်
စီမာကျန်း
ဟန်ဧကရာဇ်ဝန်ချအမိန့်
(Luntai Edict of Repentance)









