Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သားငါးဆယ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာပြည်သူတွေကိုယ်တိုင် ဦးဆောင်တဲ့ အဖြေရှာရေးမှာ ကူညီပေးဖို့အသင့်ရှိကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အာနာ မာရီဟာနန်ဒိုက ဒီဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်နေပြီး သေကျေဒဏ်ရာရရှိမှုတွေအတွက် အလွန်စိုးရိမ်ပူပန်မိကြောင်း သတင်းထောက်တွေကို အီးမေးလ်ကနေတဆင့်ဖြေကြားခဲ့တာဖြစ်ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ငါးချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာပြည်သူတွေကိုယ်တိုင် ဦးဆောင်တဲ့ အဖြေရှာရေးမူအတိုင်း မြန်မာနိုင်ငံကို ကူညီနိုင်မယ့်နည်းလမ်းတွေကို အာဆီယံအဖွဲ့အတွင်း ဆွေးနွေးနိုင်ရေးကူညီပေးဖို့ အသင့်ရှိကြောင်းလည်း ဖိလစ်ပိုင်ဘက်ကပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့က ကျောက်တော်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြောက်ဦးဆေးရုံဗုံးကြဲခံရမှုဖြစ်စဉ်ပြီးရင် အာရက္ခဒေသအတွင်း ထိခိုက်သေဆုံးမှုအများဆုံး လေကြောင်းတိုက်ခိုက်မှုတခုဖြစ်ခဲ့ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတဝှမ်းတိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်သုံးဒသမငါးသန်းကျော်အထိရှိလာနေပြီး အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာ့အရေးအတွက် အဖြေရှာနိုင်ဖို့ကြိုးပမ်းနေကြတာဖြစ်ပါတယ်။









