Border News Agency
ကိုလံဘီယာ၊ ဩဂုတ် ၁၇။
ကိုလံဘီယာနိုင်ငံမှာ သြဂုတ်လ ၁၀ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ပြင်းအားခုနှစ်ဒသမလေးအဆင့်ရှိငလျင်ကြောင့် လက်ရှိအချိန်အထိ လူသုံးရာနီးပါးသေဆုံးခဲ့ပြီး အနည်းဆုံးလူတရာ့လေးဆယ်ကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေကထုတ်ပြန်လိုက်ပါတယ်။
ငလျင်လှုပ်ခတ်ပြီးတပတ်အကြာအထိ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စက်ယန္တရားတွေအသုံးပြုကာ အပျက်အစီးတွေကိုဖယ်ရှားပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပေမယ့် အသက်ရှင်ကျန်ရစ်သူတွေကိုတွေ့ရှိဖို့ မျှော်လင့်ချက်နည်းပါးသွားပြီဖြစ်ပါတယ်။
အဲဒီငလျင်ကြောင့် နေအိမ်ပေါင်းနှစ်သောင်းခုနှစ်ထောင်နီးပါးပျက်စီးခဲ့ရတာကြောင့် ဘေးဒုက္ခသည်များစွာမှာ ယာယီစခန်းတွေနဲ့လမ်းဘေးတွေမှာအိပ်စက်နေကြရပြီး တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ကာလီမြို့တော်ကိုပြန်လည်ထူထောင်ဖို့ ကန်ဒေါ်လာသုံးဒသမနှစ်ဘီလီယံခန့် ကုန်ကျမယ်လို့သိရပါတယ်။
အမေရိကန်နဲ့ကမ္ဘာ့ဘဏ်တို့အပါအဝင် နိုင်ငံတကာမှကူညီထောက်ပံ့မှုတွေရရှိနေပြီး သမ္မတအာဘီလာဒိုဒီလာအက်စ်ပရီယာကလည်း နိုင်ငံပြန်လည်ထူထောင်နိုင်ရေးအတွက် အမေရိကန်ရဲ့ပို့ကုန်ခွန်တွေကို ယာယီဆိုင်းငံ့ပေးဖို့တောင်းဆိုထားပါတယ်။










