Border News Agency
ဘန်ကောက်၊ဩဂုတ် ၁၈။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်ဒန်းရပ်ကွက်မှာ မြန်မာကလေးတွေအပါအဝင် နိုင်ငံခြားသားကလေးတွေကို အိမ်ထောင်စုဇယားအတုနဲ့ ပန်းရောင်ကတ်လုပ်ပေးနေတဲ့ အစိုးရအရာရှိသုံးဦးနဲ့ ပွဲစားတွေအပါအဝင် စုစုပေါင်းခုနှစ်ဦးကို သြဂုတ်လ ၁၈ ရက်၊ဒီနေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ရဲနဲ့သက်ဆိုင်ရာအရာရှိအင်အားတရာကျော်က ဖမ်းဝရမ်းတွေနဲ့နေရာခုနှစ်ခုကိုဝင်ရောက်စီးနင်းခဲ့ရာမှာ မသမာတဲ့နည်းနဲ့အိမ်ထောင်စုဇယားထဲထည့်ထားတာကို ဖော်ထုတ်နိုင်ခဲ့တာပါ။
စုံစမ်းစစ်ဆေးချက်တွေအရ အသက်ငါးနှစ်ကနေဆယ့်ငါးနှစ်အထိ နိုင်ငံခြားသားကလေးတထောင့်သုံးရာကျော်ကို အိမ်ထောင်စုဇယားတွေမှာ စာရင်းသွင်းထားတာတွေ့ခဲ့ရပြီး မသင်္ကာဖွယ်အခန်းလေးဆယ်လေးခန်းကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ပွဲစားတွေဟာ စာရွက်စာတမ်းအတုတွေကိုသုံးပြီး နံပါတ်ခုနှစ်နဲ့စတဲ့ပန်းရောင်ကတ်တွေကို ထုတ်ပေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူခုနှစ်ဦးစလုံးကို ဥပဒေအတိုင်းအရေးယူထားပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ပြည်ထဲရေးဒုတိယဝန်ကြီးက သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမှာ ဖြစ်ပါတယ်။

















