Border News Agency
ထိုင်း၊ဩဂုတ် ၂၁။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ နန်ပြည်နယ်၊ ပွာမြို့နယ်၊ ဖူခါကျေးရွာအုပ်စု၊ ဖာဝေယန်းကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြေပြိုမှုဖြစ်ပွားပြီး ရွာအဝင်အထွက်လမ်းတွေပိတ်ဆို့နေပါတယ်။
အဲဒီပွာမြို့နယ်မှာ ဩဂုတ်လ ၁၉ ရက်၊မနက်ပိုင်းကစပြီး မိုးသက်မုန်တိုင်းပြင်းထန်စွာတိုက်ခတ်ခဲ့တာကြောင့် တောင်စောင်းတွေကနေ ရွှံ့နွံနဲ့မြေဆီလွှာတွေ လမ်းပေါ်သို့ ပြိုကျဖုံးလွှမ်းခဲ့တာပါ။
အဲဒီအပြင် သစ်ပင်တွေပြိုလဲပြီး လျှပ်စစ်ဓာတ်တိုင်တွေလည်း ကျိုးကျပျက်စီးခဲ့တာကြောင့် ဒေသခံတွေပြင်ပကို သွားလာလို့မရတော့ဘဲ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပါတယ်။
လမ်းတွေပိတ်ဆို့နေတာကြောင့် ဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာနဲ့အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ဝယ်ယူဖို့အခက်အခဲဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာတွေအရေးပေါ် လိုအပ်နေပါတယ်။
အဲဒီလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ ကူညီကယ်ဆယ်ရေးတွေ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ ဒေသခံတွေကသက်ဆိုင်ရာတာဝန်ရှိသူတွေကို အကူအညီ တောင်းခံထားကြပါတယ်။











