Border News Agency
မောင်တော၊ဩဂုတ် ၂၅။
ရခိုင်ရှိရိုဟင်ဂျာတွေ အကြမ်းဖက်ဖိနှိပ်ခံခဲ့ရတာကိုးနှစ်ပြည့်သွားပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ထပ်တူနက်ရှိုင်းစွာ ဝမ်းနည်းရပြီး တရားမျှတမှုရရှိဖို့အတွက်လည်း ဆက်ရပ်တည်သွားမယ်လို့ ဩဂုတ်လ၂၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာသိန်းနဲ့ချီဟာ ကိုးနှစ်ကျော်လာတဲ့ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။
အဲဒီအပြင် ဒုက္ခသည်စခန်းတွေမှာပါ ကျန်းမာရေးနဲ့စားဝတ်နေရေး အခက်အခဲတွေရင်ဆိုင်နေရတာမို့ NUG ရဲ့ “ရိုဟင်ဂျာမူဝါဒ” အတိုင်းဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးကာလမှာလည်း အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးနဲ့နိုင်ငံရေးအကျပ်အတည်းတွေကထွက်ပေါက်ရဖို့ ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားတွေကို အတင်းအဓမ္မစစ်သားစုဆောင်းတာ၊ လူသားဒိုင်းအဖြစ်သုံးတာနဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖြစ်လာအောင် သွေးခွဲတာတွေစနစ်တကျလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ရခိုင်ပြည်သူတွေ၊ ရိုဟင်ဂျာတွေနဲ့တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအားလုံးဟာ အာဏာသိမ်းစစ်တပ်ရဲ့သွေးခွဲမှုကို သတိပြုကြဖို့နဲ့ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် စည်းစည်းလုံးလုံးပူးပေါင်းပါဝင်ကြဖို့ NUG က တိုက်တွန်းထားပါတယ်။
အဲဒီအပြင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီလည်း အာဏာသိမ်းစစ်တပ်ကို လက်တွေ့ကျကျအရေးယူပေးဖို့လိုနေပြီဖြစ်သလို ရိုဟင်ဂျာတွေအပါအဝင် လူမျိုးစုနဲ့ဘာသာဝင်အားလုံးတန်းတူညီမျှခွင့်ရမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို ပြည်သူတွေနဲ့အတူ လက်တွဲတည်ဆောက်သွားမယ်လို့ဆိုပါတယ်။










