Border News Agency
ထိုင်း၊ ဩဂုတ် ၂၆။
ထိုင်းနိုင်ငံတဝှမ်းမှာ ထိုင်းနိုင်ငံသားအမည်ခံကိုအသုံးပြုပြီး စီးပွားရေးလုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေနဲ့ ငွေမည်းလုပ်ငန်းတွေကို ထိုင်းအာဏာပိုင်တွေက ပိုမိုကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းနေပြီး ပြင်းထန်တဲ့ဥပဒေတွေနဲ့ အရေးယူသွားဖို့ပြင်ဆင်နေပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဝင်ရောက်စီးနင်းတာ၊ ပိုင်ဆိုင်မှုတွေသိမ်းဆည်းတာတွေအပြင် ပိုင်ဆိုင်မှုဖွဲ့စည်းပုံတွေ၊ ငွေကြေးစီးဆင်းမှုတွေနဲ့ ထိုင်းနိုင်ငံသား ရှယ်ယာရှင်တွေကိုပါ နောက်ကြောင်းလိုက်စစ်ဆေးနေတာပါ။
ဖူးခက်၊ ကရာဘီ၊ ကော့ဖငန်းနဲ့ စကွန်နခွန် အစရှိတဲ့ ဒေသတွေမှာ အဓိကဖော်ထုတ်တွေ့ရှိထားပြီး ဖူးခက်မှာဆိုရင် နိုင်ငံခြားသားတွေ တရားမဝင်မြေယာပိုင်ဆိုင်ထားတဲ့ အဖွဲ့အစည်းသုံးရာကျော်ကိုတွေ့ရှိထားကာ အဲဒီမြေတွေကိုရက်ပေါင်းတရာ့ရှစ်ဆယ်အတွင်း မဖြစ်မနေ ပြန်လည်ရောင်းချဖို့ညွှန်ကြားထားပါတယ်။
အဲဒီအပြင် စကွန်နခွန်မှာလည်း ဒေသခံရွာသားတွေရဲ့ အိမ်ထောင်စုစာရင်းတွေကို ငွေအနည်းငယ်ပေးပြီး တရုတ်နိုင်ငံသားတွေပိုင်ဆိုင်တဲ့ အမည်ခံကုမ္ပဏီတွေဖွင့်လှစ်ထားတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက မသင်္ကာဖွယ်ရာအမှုပေါင်းတသောင်းနှစ်ထောင်ခန့်ကို ဆက်လက်စစ်ဆေးဖို့ပေးပို့ထားပြီး ပြစ်ဒဏ်ပေါ့ပါးနေတဲ့ လက်ရှိဥပဒေတွေကိုပြင်ဆင်ကာ ပြစ်မှုကျူးလွန်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ကူညီပေးနေတဲ့နိုင်ငံဝန်ထမ်းတွေကိုပါ ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်သွားဖို့ပြင်ဆင်နေပါတယ်။










