Border News Agency
ဗြိတိန်၊ ဩဂုတ် ၂၆။
ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကိုးနှစ်မြောက်နေ့မှာ ရိုဟင်ဂျာတွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်လာပိုင်ခွင့်ရှိကြောင်း ဗြိတိန်၊ဥရောပသမဂ္ဂ (EU) နဲ့ အခြားသံတမန်အဖွဲ့ဆယ့်လေးဖွဲ့တို့က ပူးတွဲအတည်ပြုပြောဆိုလိုက်ပါတယ်။
အဲဒီပူးတွဲကြေညာချက်ကို ၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတဲ့ ဩဂုတ် ၂၅ ရက် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်နေ့မှာထုတ်ပြန်ခဲ့တာပါ။
အာရက္ခပြည်အတွင်း ပဋိပက္ခတွေပြင်းထန်လာတာ၊လုံခြုံရေး မတည်ငြိမ်တာ၊ အများပြည်သူ အဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကတိုက်ခိုက်တာ၊အကူအညီနဲ့ကုန်သွယ်ရေးပိတ်ဆို့မှုတွေကြောင့် ဒုက္ခသည်တွေပြန်လာဖို့ အခြေအနေမသင့်တော်သေးဘူးလို့လည်းဆိုပါတယ်။
အဲဒီအပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ရိုဟင်ဂျာတွေသတ်ဖြတ်ခံရတာ၊ သွားလာခွင့်နဲ့ အကူအညီတွေပိတ်ပင်ခံရတာ၊ အဓမ္မစစ်သားစုဆောင်းခံရတာတွေကို ရင်ဆိုင်နေရလို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးယူဆောင်ရွက်မှု အသစ်တွေပြုလုပ်ကြဖို့တိုက်တွန်းထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းခန့် ရှိနေပြီး သူတို့မူလနိုင်ငံဆီ ဘေးကင်း ဂုဏ်သိက္ခာရှိစွာပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သံတမန်အဖွဲ့တွေက အသိပေးထားပါတယ်။






