Border News Agency
မြောက်ဦး၊ ဩဂုတ် ၂၇။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကောက်ခွန်နဲ့အခွန်ဌာနကဦးဆောင်ပြီ အခွန်၊အခတွေကို ရည်ရွယ်ချက်ငါးရပ်နဲ့ အဓိကကောက်ခံနေတယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုပါတယ်။
အာရက္ခပြည်လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ပြည်သူလူထုလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ အစိုးရယန္တရားရေရှည်တည်တံ့ရေးအတွက် အဓိကရည်ရွယ်ချက်ငါးရပ်နဲ့အခွန်ကောက်နေတာလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ဗဟိုအခွန်ဌာနက ဆိုပါတယ်။
အာရက္ခပြည်ရဲ့အဓိကဝင်ငွေကို တနှစ်ထက်တနှစ်တိုးမြှင့်ကောက်ခံနိုင်ဖို့၊ လုံခြုံရေးနဲ့အုပ်ချုပ်ရေးယန္တရားတွေ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးတည်ငြိမ်မှုကိုထိန်းညှိစီမံနိုင်ဖို့ အဓိကရည်ရွယ်ပြီးအခွန်ကောက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ပြည်သူတွေအတွက် ဝန်ဆောင်မှုတွေပေးအပ်နိုင်ရေး၊ လူမှုရေးတန်းတူညီမျှမှုတိုးတက်စေရေးနဲ့ တိုင်းပြည်ရဲ့ဝင်ငွေတွေ အလဟဿဆုံးရှုံးမှုမရှိစေရေးတို့အတွက် အဓိကရည်ရွယ်ပြီးအခွန်ကောက်ခံရတာဖြစ်ကြောင်း ULA က ရှင်းလင်းထားပါတယ်။
အခွန်ဌာနအနေနဲ့ကောက်ခံရရှိတဲ့ အခွန်ဘဏ္ဍာငွေတွေကို ကာကွယ်ရေး၊လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားဆောက်လုပ်ရေး အပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို နေရာချထားပေးတဲ့ကဏ္ဍတွေမှာ စနစ်တကျ ပြန်လည်သုံးစွဲနေတယ်လို့ဆိုပါတယ်။
ခုလက်ရှိမှာအခြေခံစားသောက်ကုန်တွေအပေါ် အခွန်ကင်းလွတ်ခွင့်ပြုထားပြီး ပြည်သူတွေဝန်ထုပ်ဝန်ပိုးမဖြစ်စေမယ့် နှုန်းထားတွေနဲ့ ကုန်သွယ်လုပ်ငန်းခွန်၊မော်တော်ယာဉ်နဲ့ အိမ်ခြံမြေအရောင်းအဝယ် ကဏ္ဍတွေမှာစနစ်တကျအခွန်ကောက်ခံနေတာလို့လည်းဆိုပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။
အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အကောက်ခွန်နဲ့အခွန်ဌာနကဦးဆောင်ပြီ အခွန်၊အခတွေကောက်ခံနေတာဖြစ်ပါတယ်။
ဒါပေမယ့်အကောက်ခွန်နဲ့အခွန်ဌာနရဲ့ တရားဝင်ပြောဆိုချက်တွေနဲ့ကွဲလွှဲပြီး မြေပြင်မှာပိုမိုကောက်ခံမှုတွေရှိနေတယ်လို့ အာရက္ခပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကောက်ခွန်နဲ့အခွန်ဌာနကဝန်ထမ်းတချို့ဟာ အခွန်ကောက်ခံရထားတဲ့ငွေတွေကို ကိုယ်ကျိုးအတွက်အသုံးပြုနေကြတာတွေ၊အဂတိလိုက်စားထားတဲ့အချက်အလက်တချို့ကို Border News Agency က လက်ခံရရှိထားပါတယ်။










