Border News Agency
ရန်ကုန်၊ ဩဂုတ် ၂၇။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းယူမှုနဲ့ အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာမဖူလုံတဲ့ အကျပ်အတည်းပိုမိုဆိုးရွားလာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ စားနပ်ရိက္ခာအကျပ်အတည်းဆိုင်ရာ တံခါးဖွင့်အစည်းအဝေးမှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လယ်ယာတွေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာအပြင် ဈေးတွေကိုပါဗုံးကြဲတိုက်ခိုက်တဲ့ လူသားမဆန်တဲ့ဖြတ်လေးဖြတ်မဟာဗျူဟာကို သုံးနေတယ်လို့ထောက်ပြခဲ့တာပါ။
အဲဒီအပြင်ပြည်သူတွေဆီရောက်ရှိမယ့် လူသားချင်းစာနာမှုအကူအညီတွေကို လက်နက်သဖွယ် အသုံးချပြီး လမ်းကြောင်းပေါ်မှာပိတ်ဆို့တာ၊ သိမ်းဆည်းတာနဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့သာမန်ပြည်သူတွေကိုပါ ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီလိုဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံမှာ ဩဂုတ်လမှာတင် လူဦးရေဆယ့်နှစ်သန်းကျော် စားနပ်ရိက္ခာမလုံလောက်ဘဲ အငတ်ဘေးကြုံနေရတယ်လို့ဆိုပါတယ်။
အဲဒီအပြင်စက်တင်ဘာလမှာလည်း ကလေးသူငယ်သုံးသိန်းခြောက်သောင်းခန့် အာဟာရချို့တဲ့မယ့်အခြေအနေ ရောက်နိုင်တယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်ကို ကိုးကားပြီး သတိပေးခဲ့တာပါ။
ဒါကြောင့်လုံခြုံရေးကောင်စီအနေနဲ့ အာဏာသိမ်းစစ်တပ်ဆီ လက်နက်၊ခဲယမ်း၊လေယာဉ်ဆီနဲ့ စစ်ဘက်၊အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းတွေ စီးဝင်နေတာကို တားဆီးပေးဖို့နဲ့ ထိရောက်တဲ့ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တွေ ထပ်မံချမှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။








