Border News Agency
နေပြည်တော်၊ ဩဂုတ် ၂၇။
အမျိုးသမီးတွေ အသက်မွေးဝမ်းကျောင်းထောက်ပံ့ရေးနဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသမီးရေးရာဝန်ကြီးဌာနနဲ့ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) တို့ လက်မှတ်ရေးထိုး ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသမီးရေးရာဝန်ကြီး ဒေါက်တာသက်သက်ဇင်နဲ့ UNOPS မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူး Mr. Peter John Cross တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
အဲဒီတွေ့ဆုံစဉ်မှာ အမျိုးသမီးတွေ စွမ်းပကားမြှင့်တင်ရေး၊ မဟာဗျူဟာစီမံကိန်း (NSPAW) အကောင်အထည်ဖော်ရေးနဲ့ အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဆောင်ရွက်နေတာတွေကို အာဏာသိမ်းစစ်တပ်ဘက်က ရှင်းပြခဲ့ပါတယ်။
အဲဒီအပြင် ကျေးလက်နေအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အာဆီယံအဆင့် အမျိုးသမီးရေးရာကော်မတီနဲ့ ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍတွေမှာ Focal Point အဖြစ်ဆောင်ရွက်နေတာတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တာပါ။
ဆွေးနွေးပွဲအပြီးမှာတော့ နှစ်ဘက်စလုံးက အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်။







